Wednesday, January 6, 2010
ANALYZING YEAR 2009 OF BURMA’S POLITICS
သက္ကရာဇ် ၂၀၀၉ မြန်မာနိုင်ငံစစ်တမ်း
နအဖ
နအဖသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်ရှုံးနိမ့်သွားပြီးနောက်၊ ၎င်းတို့ ပေးအပ်ထားခဲ့သော စစ်တန်းလျားကို ပြန်မည်ဆိုသည့် ကတိက၀တ်ကို ဗြောင်ဖေါက်ဖျက် ခဲ့သည်၊ န၀တအမည်မှ နအဖဟု အမည်ပြောင်းပြီး ၁၉၉၀ ရွေးကောက်ပွဲသည် အခြေခံ ဥပဒေရေးဆွဲရေးအတွက် ပြုလုပ်သော ရွေးကောက်ပွဲဖြစ်ကြောင်း ၎င်းတို့ပိုင် သတင်းစာများမှ ဆောင်းပါးများရေးသားထုတ်ဝေ၍ ပြည်သူနှင့် ကမ္ဘာကို ဗြောင်ညာခဲ့သည်၊ ထို့နောက် ၁၉၉၂မှ စတင်၍ အမျိုးသားညီလာခံခေါ်ယူပြီး ညီလာခံကြီးကို ၎င်းတို့အလိုကျ ဆွေးနွေးခြင်း၊ ၎င်းတို့ ခွင့်ပြုသည့် သဘောတူသည့် အကြောင်းအရာများကိုသာ ဆွေးနွေးခွင့်ပြုခြင်း၊ အတိုက်အခံ အင်အားစုတို့တွင် လွတ်လပ်စွာ ဆွေးနွေးတင်ပြနိုင်ခွင့်မရှိခြင်း၊ ၎င်းတို့လမ်းကြောင်းပေးသော ကိစ္စတို့ကိုသာ ဆွေးနွေးစေခြင်းတို့ကြောင့် အနိုင်ရပါတီ NLD နှင့် SNLD တို့ ညီလာခံမှ ထွက်သွားခဲ့ကြသည်။
ဗိုလ်ခင်ညွန့် လမ်းပြမြေပုံ (၇) ချက်ကို တင်ပြပြီး ရွေးကောက်ပွဲ ပြုလုပ်ခြင်းနှင့် ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ပေါက်ရေးကို တင်ပြလာခဲ့သည့်အပေါ် နအဖက ဆက်လက် ကောင်ထည်ဖော်လာခဲ့သည်၊ ၂၀၀၈ခုနှစ်တွင် ၎င်းတို့ တဖက်သတ်ရေးဆွဲထားသည့် စစ် အာဏာရှင်စနစ်ကို တဖက်လှည့်အသက်သွင်းထားသည့် ၂၀၀၈ အခြေခံဥပဒေကို အချော သတ်ရေးဆွဲနိုင်ခဲ့ပြီး နာဂစ်မုန်တိုင်းကြောင့် လူပေါင်းသန်းချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်နေမှုကို လစ်လျူ ရှုကာ ၂၀၀၈ အခြေခံဥပဒေကို အတင်းအကြပ် ဆန္ဒမဲထောက်ခံခဲ့ပြီး ပြည်သူ၏ ရာခိုင်နှုန်း ၉၂%ကျော်က ထောက်ခံသည်ဟု ဗြောင်ကြေငြာပြီး မဲလိမ်ခဲ့သည်။
နအဖမှ ၂၀၁၀ ရွေးကောက်ပွဲကို ၎င်းတို့ရေးဆွဲအတည်ပြုထားသည့် အခြေခံဥပဒေ အပေါ် အခြေခံ၍ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ဗိုလ်သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့်နိုင်ငံရေးပါတီများ ရင့်ကျက်သော စည်းရုံးလှုပ်ဆော်မှုတို့ကို ပြုလုပ်ရန် ပြောကြားခဲ့ပြီး ရင့်ကျက်မှုရှိသော ပါတီများအား ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ချက်ချင်းရင့်ကျက်သော ဒီမိုကရေစီရရှိရန် မမျှော်မှန်းရန် သတိ ပေးခဲ့သည်။
ဗိုလ်သန်းရွှေ၏ ရင့်ကျက်သော စည်းရုံးမှုဆိုသည်မှာ အစိုးရလုပ်ဆောင်မှုများကို တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ မဝေဖန်နှင့် ၎င်းတို့ ထုတ်ပြန်ထားသော တရား ဥပဒေ၊ မတရားဥပဒေပေါင်းစုံတို့ကို ဆန့်ကျင်မှုမပြုလုပ်ရန်လိုသည်ဟု ဆိုလိုခြင်းဖြစ်သည်။ တနည်းဆိုရသော် ရင့်ကျက်စွာဖြင့် သည်းခံပြီး ထောက်ခံကြဟုဆိုလိုပါသည်။
၎င်းပြောကြားချက်များကို သုံးသပ်ရလျှင် ငါတို့ကို မဝေဖန်နှင့် ဆိုသည်မှာ “ ငါတို့သည် ဝေဖန်ခံနိုင်သော ရင့်ကျက်မှုရှိသူများမဟုတ်” ဟု ဆိုလိုရာရောက်သည်။ ထို့ကြောင့် ရင့်ကျက် မှုမရှိသောသူက ရင့်ကျက်ရမည်ဆိုသည့်စကားကို သုံးသွားသည်မှာ သမိုင်းတွင်မည့် အရှက်မဲ့ စကားသာဖြစ်ကြောင်း သုံးသပ်မိပါသည်။
ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ရင့်ကျက်သော ဒီမိုကရေစီ မရနိုင်သေး ကြောင်း ပြောကြားချက်သည် ပြည်သူတို့ကို ဗြောင်စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။ ရင့်ကျက် သည့် ဒီမိုကရေစီ မရနိုင်သေးဆိုသည့် အဓိပ္ပါယ်သည် ရှင်းသည်။ ပြည်သူတို့ လိုလားသည့် လွတ်လပ်စွာ စည်းရုံးခွင့်၊ ရေးသားထုတ်ဝေခွင့်၊ အဖွဲ့အစည်းဖွဲ့စည်းခွင့်၊ အစိုးရမတရား လုပ်သည်ကို ဝေဖန်ခွင့်တို့ မရနိုင်သေးကြောင်း ဗြောင်ကြေငြာခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ဗိုလ်သန်းရွေက ဆက်လက်အုပ်ချုပ်နေဦးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ခြင်းဖြစ်သလို၊ ရွေးကောက်ပွဲတွင် ၎င်းအနေနှင့် အနိုင်ရအောင် ဖြစ်သည့်နည်းနှင့် စီမံထားပြီးဖြစ်ကြောင်း ၀န်ခံထားခြင်းလည်းဖြစ်သည်။
အချုပ်အားဖြင့် ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အာဏာရှင်သန်းရွှေ ခင်းကျင်းထား သည့် ပွဲဖြစ်သည်၊ ၎င်းအာဏာဆက်လက်ကိုင်စွဲရန်ပြုလုပ်ထားသည့် ပွဲဖြစ်သည်၊ အတိုက်အခံ တို့မည်မျှပင် ကျိုးစားစေကာမှု သန်းရွှေက မနိုင်နိုင်အောင် ဖန်တီး၍ အာဏာယူ မည့် ပွဲဖြစ်သည်၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ရှုံနိမ့်ရသည်ကို နမူနာယူ၍ ကမ္ဘာ့အလယ်တွင် ၂၀၁၀ မျက်လှည့်ပြပွဲကြီး ခင်းကျင်း၍ တရားဝင်အာဏာ ရယူမည်ဟုမြင်သည်။
နအဖအတွက် အဓိကပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် ကျောင်းသား အုပ်စုတို့ဖြစ်သည်။
၎င်းတို့မည်မျှပင် ပြည်သူတို့ကို ဖိနှိပ်၍ ချုပ်ချယ်ချိမ်းခြောက်ထားသည်ဖြစ်စေ ပြည်သူ တို့သည် တပ်မတော်ကို လွန်စွာ စက်ဆုတ်နေသည်ကို သိရှိထားကြသည်၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈အမျိုးဆက်ကျောင်းသားများ လွတ်လပ်နေလျှင် ၂၀၁၀ ရွေးကောက်ပွဲတွင် သန်းရွှေတို့ အနိုင်ရရန် ကိစ္စမှာ မသေချာနိုင်တော့ပေ၊ ထို့ကြောင့် ၂၀၀၈ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်တို့ မပါဝင်နိုင်ရန် ထိန်းသိမ်း ထားခြင်း ဖြစ်သည်။
နအဖ၏ မဟာဗျူဟာသည် ၁၉၉၀ ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက်တွင် NLD အား နည်းမျိုးစုံသုံး၍ အင်အားချိနဲ့စေရန် ပြုလုပ်ပြီး တဖက်မှလည်း ကုလသမဂ္ဂအပါအ၀င်၊ အာဆီယံနိုင်ငံများအား အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာမည်ဖြစ်ကြောင်း ဒီမိုကရေစီစံနစ်ကို ပြောင်းလဲတော့မည်ဖြစ်ကြောင်း လိမ်ညာလှည့်ဖျားပြီး အချိန်ဆွဲသည့် ဗျူဟာဖြစ်သည်။
NLD သည် အချိန်ကာလကြာမြင့်စွာ ဖိနှိပ်ချုပ်ချယ်မှုမျိုးစုံအောက်တွင် လုံးပါးပါးလာခဲ့ ရသည်၊ ရွေးကောက်ပွဲတွင် အနိုင်ရလင့်ကစား ပြည်သူတို့ကို စည်းရုံးခွင့်တို့ ဆုံးရှုံးခဲ့ကြရသည်။ နအဖ၏ အချိန်ဆွဲရေးမဟာဗျူဟာသည် လွန်စွာထိရောက်ခဲ့သည်၊ ပြည်တွင်းဒီမိုကရေစီ အင်အားစုတို့နှင့် ပြည်ပအင်အားစုများ (NCGUB) အပါအ၀င် နအဖ၏ အချိန်ဆွဲရေးဗျူဟာ အောက်တွင် တနေ့ပြောင်းနိုး တနေ့ဆွေးနွေးနိုးနှင့် အလူးအလဲခံခဲ့ကြရသည်၊ ၎င်းတို့ အထဲတွင် အာဆီယံနှင့် ကုလသမဂ္ဂတို့သည်လည်း နအဖ၏ လိမ်ညာမှုလှိုင်းအောက်တွင် မြောပါနေခဲ့ သည့်အတွက် နအဖ၏ အချိန်ဆွဲရေးဗျူဟာသည် ရာနှုန်းပြည့် အောင်မြင် ခဲ့ရသည်။
အချိန်ဆွဲရေးဗျူဟာအရ နိုင်ငံတကာမှ ဖိအားပေးလာမှုကို လိမ်ညာမှုမျိုးစုံ၊ ကတိမျိုးစုံ သုံးပြီး ရှောင်ရှားနိုင်ခဲ့သည်၊ နအဖ၏ ရပ်တည်မှုကို ခိုင်ခံ့သည်ထက် ခိုင်ခံ့အောင် တည် ဆောက်နိုင်ခဲ့သည်၊ တိုင်းပြည်၏ သယံဇာတများကို စည်းမဲ့ကမ်းမဲ့ ဗြောင်ရောင်းစားပြီး နအဖ ဗိုလ်ချုပ်များ အချိန်ဆွဲရေးဗျူဟာအောက်တွင် သန်းကြွယ်သူဋ္ဌေးကြီးများ ဖြစ်လာကြသည်။ တဖက်မှလည်း အတိုက်အခံ NLD ပါတီကြီးအား တတိတိ မျိုးဖြုတ်ရင်းဖြင့် ပြည်သူလူထုနှင့် ဒီမိုကရေစီအင်အားစုတို့မှ NLDသည် ဦးဆောင်နိုင်မှုမရှိ ပြည်သူတို့လိုလားသည့် ဒီမိုက ရေစီကို ယူပေးနိုင်သည့်အရည်အချင်းမရှိဆိုသည့် အတွေးအခေါ်ဝင်လာစေရန် ပြုလုပ်နိုင် ခဲ့ခြင်းသည် နအဖ အချိန်ဆွဲရေးဗျူဟာ၏ အဓိကအောင်ပွဲပင်ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲ နိုင်ခဲ့သော်လည်း စုပေါင်း ဦးဆောင်မှုကို ဦးမတည်ဘဲ လူပုဂ္ဂိုလ်ကိုသာ ဦးတည်နေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် မရှိလျှင်ပင် ဆုံးဖြတ်ရန်မတတ်နိုင်သည့် အနေအထားသို့ရောက်နေခဲ့သည်၊ ဗဟိုကော်မတီကို အသက်အရွယ်ရင့်မှည့်ယိုယွင်းနေသူများက ဦးဆောင်နေသဖြင့် ပြတ်သားသည့် ဆုံးဖြတ်ချက် တို့ မချနိုင်ခဲ့ဘဲ၊ နအဖ၏အချိန်ဆွဲရေးဗျူဟာအောက်တွင် ဆွေးနွေးနိုး ဆွေးနွေးနိုးနှင့် မြောနေခဲ့သည်၊ နှစ်ကာလ ကြာရှည်လာသည့်အခါ တဖြေဖြေလုံးပါးပါးလာခဲ့သလို ပြည်သူတို့ ယုံကြည်ကိုးစားမှု သည်လည်း လျော့ကျလာခဲ့ရသည်။
ဂန္ဒီညီလာခံတွင် အစိုးရဖွဲ့စည်းနိုင်သော အခွင့်အရေးရခဲ့သော်လည်း အစိုးရ ဖွဲ့ရန်လက်တွန့်ခဲ့သည့်အတွက် နစ်နာခဲ့ရသည်။ ပြည်လုံးကျွတ် အစည်းအဝေးကို နယ်ကိုယ် စားလှည်များမှ တောင်းဆိုနေခဲ့သော်လည်း လက်ရှိဗဟိုကော်မတီသည် ပြည်လုံးကျွတ် အစည်းအဝေးခေါ်ယူရန် မဖြစ်နိုင်ကြောင်း အကြောင်းပြပြီး ရှောင်နေခဲ့သည်။ NLD ဗဟိုကော်မတီကို မိမိလက်သင့်ရာ လူများနှင့် ဖွဲ့စည်းမည့်သဘောသက်ရောက်နေသည်၊ ယနေ့ ဦးဝင်းတင်သည် NLD ပါတီ၏ ဗဟိုကော်မတီဝင်တဦးဖြစ်သလို နအဖ၏ ၂၀၁၀ရွေးကောက်ပွဲကို ဗြောင်ဆန့်ကျင်နေသည့် ရှာမှရှားသည့် ယောင်္ကျားအာဇာနည် တဦးဖြစ်သည်၊ နယ်အသီးသီးရှိ NLD ပါတီဝင်များသည် ဦးဝင်းတင်အား အထူးလေးစား ကြည်ညိုကြသည်၊ ဦးဝင်းတင်နှင့် တသဘောထားတည်းရှိကြသည်၊ ထို့ကြောင့် နယ်ကိုယ် စားလှယ်များစုံညီနှင့် ဗဟိုကော်မတီဝင် အသစ်များအား ရွေးချယ်လျှင် ဦးဝင်းတင်နှင့် သဘောထားကြိုက်ညီသူများ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အုပ်စုက အသာစီး ရသွားနိုင်သည့် အနေအထားတွင်ရှိသည်။
သို့ရာတွင် လက်ရှိ NLD ဗဟိုကော်မီတီသည် နယ်မှကိုယ်စားလှယ်များကို ဖိတ်ကြားပြီး ပြည်လုံးကျွတ် အစည်းအဝေးပြုလုပ်ရန် အခြေအနေမရှိချေ၊ သို့မဟုတ်မိမိလက်သင့်ရာ လူ များကို ရွေးယူ၍ ဗဟိုဦးစီးမှုကို ချုပ်ကိုင်လိုခြင်းလော ဆိုသည်ကို စောင့်ကြည့်ရမည့် အခြေ အနေဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်သည် မိမိနိုင်ငံတွင် နေထိုင်နေသော်လည်း မိမိပြည်သူ လူထုနှင့် ကင်းကွာနေထိုင်ရသည့်အခြေအနေဖြစ်သည်၊ ပြည်တွင်း၌ ရှိသော်လည်း ပြည် သူတို့နှင့် နီးစပ်ခွင့်မရှိစေရန် ပိတ်ပင်ခြင်းခံထားရသဖြင့် သူမအတွက်ရော ပြည်သူတို့ အတွက်ရော ဆုံးရှုံးမှုကို ရင်ဆိုင်နေရသည်။
သူမ၏ခင်ပွန်းဖြစ်သူ မိုက်ကယ် မသေခင် သူမနှင့်တွေ့ဆုံခွင့်ရရန် ကြိုးစားမှုကို နအဖက ကမ္ဘာ့ချဉ်ဖတ်အဖြစ်ခံ၍ မိုက်ကယ်အားလာခွင့်မပြုဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ထိုအခါ ဒီမိုကရေစီအင်အားစုများက ဒေါ်စုကို မထွက်ရန် သဘောထားပေးခဲ့ကြသည်၊ မိုက်ကယ်အဲရစ် မြန်မာနိုင်ငံလာရောက်ပြီး ၎င်း၏ ဇနီးကို တွေ့သည့်ကိစ္စမှာ လူမှုရေးကိစ္စဖြစ်သည်၊ နအဖ အနေနှင့် ခွင့်ပြုလိုက်လျှင် ကမ္ဘာ့ အလယ်တွင် လူလူချင်းစာနာစိတ်ရှိကြောင်း ပြသရာရောက်သည်၊ မိုက်ကယ် ရောက်လာ သည်နှင့် နိုင်ငံရေးလှုပ်ရှားမှုဘာမျှမဖြစ်နိုင်မှန်း သိသိနှင့် နအဖသည် ငြင်းပယ်ခဲ့သည်။
အကျိုးဆက်မှာ နအဖက ဖွင့်ဆိုလျှင် ဒီမိုကရေစီအင်အားစုတို့က ပိတ်ဟုဆန့်ကျင် ဘက်အော်ကြသည့်သဘောကို နအဖက ကောင်းကောင်းသိရှိပြီး အသုံးချခဲ့သည်ဟုမြင်သည်၊ ဒေါ်စုနိုင်ငံခြားထွက်ပါဟု နအဖမှ ဆိုသဖြင့် အတိုက်အခံတို့က မထွက်ရန် တားမြစ်ကြသည့် အတွက် ဒေါ်စု မြန်မာပြည်ထဲတွင် ဆက်လက် အကျယ်ချုပ်ကျနေခဲ့သည်၊ ကိုယ့်ပြည်ထဲတွင် နေသော်လည်း ကိုယ့်ပြည်သူများနှင့် ဝေးနေရသည့်ဘ၀ဖြစ်သည်။
အကယ်၍ ဒေါ်စုနိုင်ငံခြားထွက်မည်ဆိုလျှင် နအဖသည် ဒေါ်စုအား အမှန်ထွက် ခွင့်ပေးမည် လော?ဆိုသည့်မေးခွန်းက ပေါ်လာသည်။
ဒေါ်စုမထွက်သည့်အတွက် နအဖ၏ လျှောင်အိမ်ထဲတွင်နေထိုင်နေရသည်၊ နအဖမှ ကြိုက်သလို ချယ်လှယ်ခွင့်ရနေသည်။ အကယ်၍ ဒေါ်စုထွက်မည်ဆိုလျှင် အရှင်ထွက်ခွင့်ပြု မည်လော?ဟု တွေးစရာရှိသည်၊ ဒေါ်စုအနေနှင့် ၂၀၁၀ လွန်ကာလတွင် ပြည်ပသို့ ထွက်၍ ၎င်းကတိအတိုင်း နော်ဝေးနိုင်ငံတွင် နိုဗယ်ဆုကို သွားယူသင့်သည်။
ဒေါ်စုအနေနှင့် ပြည်ပတွင် နေထိုင်ပြီး ပြည်တွင်းလုပ်ငန်းများကို အဆပေါင်းများစွာ ပြုလုပ်နိုင်စွမ်းရှိသည်။ အီရန်နိုင်ငံမှ ဘာသာရေးခေါင်းဆောင် ခိုမေနီ၊ ဗီယက်နမ်ခေါင်းဆောင် ဟိုချီမင်းတို့ နိုင်ငံခြားမှနေပြီး တော်လှန်ရေးကို ဦးဆောင်ခဲ့ကြသည့် သာဓကရှိသည်။
ဒေါ်စုပြည်တွင်းမှာ မရှိလျှင် မဖြစ်ဆိုသည်မှာ နအဖအကြိုက်စကားသာဖြစ်သည်၊ နအဖ အကြောက်ဆုံးမှာ ဒေါ်စုပြည်ပသို့ ရောက်ရှိသွားမှာဖြစ်သည်။ ဒေါ်စုပြည်ပသို့ ရောက်ရှိ သွားလျှင် ၎င်းတို့အနေနှင့် ဒေါ်စုအား မည်သို့မှ ထိန်းချုပ်တားဆီးထား နိုင်တော့မည် မဟုတ်ပေ။ ပြည်တွင်း၌ ဒေါ်စုသည် ၎င်းတို့၏ လက်ခုပ်ထဲတွင်ရှိသည်။ ၎င်းတို့ သဘောမတူသည့်အရာကို မပြုလုပ်နိုင်ရန် ကောင်းစွာ ထိန်းချုပ်ထားနိုင်စွမ်းရှိနေသည်။ ထို့ကြောင့် ထိုအခွင့်အရေးကို ဒေါ်စုပြည်ပသို့ထွက်လျှင် ၎င်းတို့အနေနှင့် ဆုံးရှုံးသွား ပေတော့မည်။ သန်းရွှေသည် စိတ်ဓာတ်စစ်ဆင်ရေးကို ကောင်းကောင်းနားလည် သူဖြစ်သည်။ ထို့ကြောင့် ၎င်းက ဒေါ်စု နိုင်ငံခြားသို့မထွက်စေရန်အတွက် ထွက်ပါဟုပြော ခြင်းဖြစ်သည်ဟု သုံးသပ်သည်။ ထိုအခါ အတိုက်အခံဒီမိုကရေစီအင်အားစုများက ဒေါ်စုမထွက်ရန် ဆန့်ကျင်ဘက်ဝိုင်းအော်ကြသဖြင့် ဒေါ်စုပြည်ပထွက်မည့်အန္တရာယ်ကို တားဆီးရန်မလိုပဲ ဒီမိုကရေစီအင်အားစုတို့က သန်းရွှေကိုယ်စား တားဆီးပေးပြီးသား ဖြစ်နေပေတော့သည်။ ထို့ကြောင့် ဒေါ်စုနိုင်ငံခြားထွက်မည့်အန္တရာယ်ကို သန်းရွှေတို့အနေနှင့် စိတ်ချစွာနေနိုင်သည့် အခွင့်အရေး ရရှိသွားခဲ့သည်။ အချုပ်အားဖြင့် ၂၀၁၀တွင် ထူးခြားမှုမရှိပါက ဒေါ်အောင် ဆန်းစုကြည် နိုင်ငံခြားသို့ထွက်သင့်သည်ဟု မြင်သည်၊ ၂၀၁၀ရွေးကောက်ပွဲပြီးလျှင် သန်းရွှေအာဏာ ဆက်လက်ယူထားသည့်အခါ ပြည်တွင်း တွင် မနေသင့်တော့ ဟုမြင်သည်။
တိဘက်ခေါင်းဆောင် ဒလိုင်းလားမား ပြည်ပတွင်ထွက်၍ သူ့နိုင်ငံလွတ်မြောက်ရေး အတွက်လုပ်နေခြင်းသည် တိဘက်တွင်နေ၍လုပ်ခြင်းထက် ပို၍ထိရောက်မှုရှိသည်၊ အကယ်၍ ဒလိုင်းလားမား တိဘက်ပြည်တွင်း၌ နိုင်ငံရေးလုပ်ပါက ထောင်တွင်း၌ အသက်ဆုံး ရှုံးသွားရဖို့ရှိသည်၊ ယခုကဲ့သို့ သူ့ပြည်သူများ၏ နစ်နာမှုများကို ကမ္ဘာသိအောင် ပြော ကြားနိုင်လိမ့်မည် မဟုတ်ပေ၊ တရုတ်အစိုးရကို နိုင်ငံအများစုက မနှစ်မြို့ကြချေ၊ သို့ရာတွင် တရုတ်သည် အာရှဒေသရှိ အင်အားကြီးနိုင်ငံဖြစ်သည်၊ ထို့ကြောင့် တိဘက်လွတ် မြောက်ရေးအတွက် ကမ္ဘာ့နိုင်ငံများက တရုတ်နှင့် ထိပ်တိုင်ရင်ဆိုင်ရမှုကို ရှောင်ကြသည်၊ မြန်မာနိုင်ငံမှာမူ အရှေ့တောင် အာရှ ဒေသတွင် လာအို၊ ကမ္ဘောဒီယားပြီးလျှင် အောက်တန်း နောက်တန်းကျနေသည့် နိုင်ငံဘ၀သို့ ကျရောက်လျှက်ရှိသဖြင့် ကမ္ဘာ့နိုင်ငံများက သန်းရွေှ့ အစိုးရကို အလေးမူဂရုစိုက်စရာ အခြေအနေမရှိချေ၊ ဗီယက်နမ်နိုင်ငံပင်လျှင် မြန်မာနိုင်ငံထက် သာနေသေးသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံမှ ထွက်၍ ကမ္ဘာလှည့်ပြီး မြန်မာ့အရေးကို အားစိုက် လုပ်ပါက ပြည်တွင်းထက်အဆပေါင်းများစွာ လုပ်နိုင်ပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်းမှာနေခြင်းသည် လူရှိနေသည့်သဘောထက် ဘာမျှ ပို၍ အကျိုးအမြတ်မရှိချေ၊ လူကပြည်တွင်းမှာရှိနေသော်လည်း ပြည်သူတို့နှင့် ထိတွေ့ခွင့်မရ ရှိဘဲ နီးလျှက်နှင့် ဝေးနေရသည့်ဘ၀ဖြစ်သည်။
ဒေါ်စုပြည်ပသို့ ထွက်လျှင် အကျိုးအမြတ် (၅)မျိုး မုချရနိုင်သည်။
(၁) ပြည်ပတွင် နိုဘယ်ငြိမ်းချမ်းရေးဆုယူပြီး ကမ္ဘာ့စင်မြင့်ပေါ်တွင် မြန်မာနိုင်ငံ အကြောင်း မြန်မာပြည်သူတို့ ခံစားနေရမှုတို့ကို ဘ၀တူနိုဗယ်ငြိမ်းချမ်းရေးဆုရှင်များနှင့် ပူးပေါင်း၍ လှုပ်ရှားနိုင်မည်။
(၂) ကမ္ဘာ့ခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံ၍ မိမိလိုလားသော အကူအညီတို့ကို ဆွေးနွေးတိုင်ပင်ခြင်း၊ ဒီမိုကရေစီနိုင်ငံများတွင် လှည့်လည်၍ လွှတ်တော်များတွင် မြန်မာ့ အရေးကို ဟောပြောခြင်း၊ ထောက်ခံမှုရယူခြင်းတို့ကို ပြုလုပ်နိုင်သည်။
(၃) NCGUB မှ တနှစ်လျှင် ဒေါ်လာတသန်းရှာနိုင်လျှင် ဒေါ်စုက သန်း၁၀၀ ရှာနိုင် စွမ်းရှိသည်။
(၄) ဒေါ်စုကို ပြည်တွင်းပြည်ပဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစု များအားလုံးကယုံကြည်လေးစားကြသည် ညီညွတ်မှုမရှိသော အင်အားစုများ အားလုံးကို ဦးဆောင်၍ ညီညွတ်သော တပ်ပေါင်းစုကြီးကို ဖွဲ့စည်းနိုင်ခွင့်ရရှိမည်။
(၅) VOA, BBC, RFA, DVB အသံလွှင်း ဋ္ဌာနများမှတဆင့် ပြည်သူတို့ကို မိမိဘာတွေလုပ်ဆောင်နေသည်၊ ပြည်သူတို့ ဘာတွေလုပ်ဖို့လိုသည်၊ တို့ကို အမြဲအသံလွှင့်၍ ပြည်သူတို့ကို နိုးကြားလာအောင် လုပ်ခွင့်ရရှိမည်၊ ထိုအခါ ဒေါ်စုသည် ပြည်ပတွင် ရောက်နေသော်လည်း ပြည်သူတို့နှင့် အမြဲနီးစပ်နေမည်၊ ပြည်သူတို့ဒေါ်စု၏ အသံကို အမြဲကြားနေရမည်။
မြန်မာနိုင်ငံတွင် အစိုးရပြောင်းလဲမှုများကိုလေ့လာလျှင် ကုန်းဘောင်မင်းဆက် သီပေါ မင်းပြုတ်ကျရခြင်းသည် ဗြိတိသျှနယ်ချဲ့တပ်များ မြန်မာပြည်တွင်းဝင်ရောက်လာခြင်း ကြောင့် ဖြစ်သည်၊ တဖန်ဗြိတိသျှတပ်တို့ ဆုတ်ခွာသွားရခြင်းမှာလည်း ဂျပန်တပ်များဝင် ရောက်လာခြင်းကြောင့်ဖြစ်သည်၊ အလားတူ ဂျပန်ဖက်ဆစ်တပ်များ မြန်မာပြည်တွင်းမှ ဆုတ်ခွာသွားရခြင်းမှာလဲ ဗြိတိသျှတပ်များ ပြန်လည်ဝင်ရောက် လာခြင်းကြောင့်ဖြစ်သည်၊ ၎င်းအချက်တို့ကို ကြည့်လျှင် မြန်မာဘုရင်အုပ်ချုပ်သောစနစ် မှ ဗြိတိသျှကိုလိုနီ အုပ်ချုပ် ရေးစနစ် သို့ပြောင်းလဲသွားခြင်း၊ ဗြိတိသျှကိုလိုနီ အုပ်ချုပ် ရေးစနစ် မှ ဖက်ဆစ်ဂျပန်အုပ်ရေးစနစ် သို့ပြောင်းလဲသွားခြင်း၊ တဖန် ဖက်ဆစ်ဂျပန်အုပ်ရေးစနစ် မှ ဗြိတိသျှကိုလိုနီစနစ်သို့ ပြန်လည် ပြောင်းလဲသွားခြင်းတို့အားလုံးသည် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား တပ်များဝင် ရောက်သိမ်းပိုက်ခြင်း ကြောင့်သာဖြစ်သည်၊ ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို ပြောင်းလဲ ရာ၌လည်း နိုင်ငံခြားတပ်များဝင်ရောက်တိုက်ခိုက်ပေးလျှင် ပိုမြန်ဆန်နိုင်သည်၊ သို့သော် လက်ရှိကမ္ဘာ့အခြေအနေသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားတပ်များ ၀င်ရောက်လာမှုကို မျှော်လင့်ရန် အခွင့်ရေးနဲပါးလှသည်၊ သို့ရာတွင် နိုင်ငံခြားထောက်ပံ့မှုကူညီမှုတို့ကို ရရှိရန် အခွင့်အလမ်းရှိနေသေးသည်၊ ထိုနိုင်ငံခြားထောက်ပံ့ကူညီမှု အလုံးအရင်းနှင့် ရရှိနိုင်ရန် ပြုလုပ်နိုင်သော ပုဂ္ဂိုလ်သည် ဒေါ်အောင်ဆန်းစုကြည်သာဖြစ်သည်၊ ထို့ကြောင့် ဒေါ်အောင် ဆန်းစုကြည်နိုင်ငံခြားသို့ထွက်၍ မြန်မာ့နိုင်ငံရေးကို ဦးဆောင်သင့်သည်။
ဗိုလ်နေ၀င်း ၁၉၆၂ခုနှစ်တွင်တိုင်းပြည်အာဏာကို စစ်တပ်ကို ခုတုံးလုပ်၍ မိမိကိုယ် ကျိုးစီးပွားအတွက် သိမ်းယူခဲ့ပြီးနောက် ၀န်ကြီးချုပ်ဦးနုနှင့် အစိုးရအဖွဲ့ဝင်များအား ထောင် သွင်းကျဉ်းချထားခဲ့သည်။ ၅နှစ်အကြာထောင်မှလွတ်မြောက်လာပြီးနောက် ဦးနုသည် နိုင်ငံ ရေးလှုပ်ရှားမှုများကို မပြုလုပ်ဘဲ ဘာသာရေးလုပ်ငန်းများကိုသာ ဇောက်ချပြုလုပ်နေခဲ့သည်၊ ဦးနုအာဏာလက်လွှတ်ခဲ့ရသည့် ၁၀နှစ်ကျော်အကြာ၁၉၇၃ခုနှစ်တွင် ဗိုလ်နေ၀င်းက ဦးနုအား နိုင်ငံရေးကွင်းဆက်ပြတ်သွားပြီဟု ယုံကြည်သဖြင့်လည်းကောင်း၊ မိမိ၏အာဏာကို ဦးနုအနေ ဖြင့် ပြန်လည်တိုက်ယူနိုင်တော့မည်မဟုတ်ဟု ယုံကြည်သဖြင့်လည်းကောင်း၊ ပြည်ပသို့ ဘုရားဖူးထွက်ခွင့်ပြုခဲ့သည်။ ဦးနုသည် ထိုအခွင့်အရေးကို ရယူ၍ ထိုင်းမြန်မာနယ်စပ်တွင် ပြည်သူ့ပြည်ချစ်ပါတီကို တည်ထောင်ခဲ့သည်။ နေ၀င်းစစ်အစိုးရအား တိုက်ခိုက်ရန်ကြိုးစား ခဲ့သည်၊ သို့ရာတွင်အောင်မြင်မှု မရရှိခဲ့ပေ၊ အကြောင်းမှာ ဦးနုသည် ပြည်တွင်း အင်အား စုများနှင့် ဆယ်နှစ်ကျော်ကြာ နိုင်ငံရေးကွင်းဆက်ပြတ်နေခဲ့ခြင်းကြောင့်ဖြစ်သည်။ ဒေါ်အောင် ဆန်းစုကြည်၏အနေအထားသည် ဦးနုနှင့်မတူ နိုင်ငံရေးကွင်းဆက် ပြတ်တောက်ခြင်းမရှိ သည့်အပြင် ၁၉၉၀ရွေးကောက်ပွဲတွင် အနိုင်ရပါတီ၏ ခေါင်းဆောင် ဖြစ်သည်။ ကမ္ဘာ့ခေါင်း ဆောင်များကလေးစားသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်သည်။ ဒေါ်စုပြည်ပထွက်၍ နိုင်ငံရေးလုပ်ခြင်းသည် ဦးနုအချိန်အခါကထက် ပို၍လုပ်နိုင်စွမ်းရှိသည်။ အောင်မြင်နိုင်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် ဒေါ်စုပြည်ပသို့ထွက်မည်ဆိုလျှင် သန်းရွှေက ၎င်းအကြောက်ရ ဆုံးရန်သူကို တကယ်ထွက်ခွင့်ပေးမည်လော မေးခွန်းထုတ်လိုက်ရခြင်းဖြစ်သည်။
၎င်းမှာ စာရေးသူမြင်သောအမြင်ဖြစ်သည်၊ ဒေါ်စုတကယ်ထွက်မည်ဆိုလျှင် ဗိုလ် သန်းရွှေကထွက်ခွင့်ပေးလိမ့်မည်မဟုတ်ဟုမြင်သည်။
၂၀၁၀သည် မဝေးတော့သောကာလတွင် ရှိသည်၊ NLDနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၀လွန်ကာလကိုကြို၍ စဉ်းစားထားဘို့လိုပြီ၊ အာဏာရူးသန်းရွှေဆင်ကွက်အတိုင်း လိုက်၍ ကရန်အချိန်မဟုတ်တော့ဟုမြင်သည်။
NLDပါတီ တဖြေးဖြေး အင်အားချိနဲ့လာရခြင်းမှာ အကြောင်း(၃)ရပ်ကြောင့် ဖြစ်သည်။
(၁) နအဖ၏ ဘက်ပေါင်းစုမှ ဖိနှိပ်မှု၊ ချုပ်ချယ်မှုတို့နှင့်အတူ နအဖ၏ အချိန်ဆွဲရေး မဟာဗျူဟာကြောင့်၎င်း
(၂) ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကိုသာ တည်မှီပြီး စဉ်းစားဆုံးဖြတ်နေခြင်း၊ စုပေါင်းဦးဆောင်မှု လွန်စွာအားနည်းခြင်းကြောင့်၎င်း
(၃) ဗဟိုကော်မတီဝင်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှုးဦးလွင်နှင့် တချို့အသက် အရွယ်အားဖြင့် လွန်စွာအိုမင်းနေကြပြီး ဦးဆောင်နိုင်မှု မရှိတော့ခြင်း၊ ၎င်းအပြင် မဆလ ပါတီဝင်ဟောင်းများဖြစ်သဖြင့် စစ်တပ်အပေါ်ဦးကြိုးနေသူများဖြစ်ခြင်းကြောင့်ဖြစ်သည်။ အချုပ်အားဖြင့် NLD ပါတီသည် ပါတီဗဟိုကော်မတီဝင် အသစ်များကို မကြာခင်ရွေးချယ်ရ တော့မည်ဖြစ်သည်။
NLD ပါတီတွင်းမှ သတ္တိဗျတ္တိနှင့် ပြည့်စုံသော လူငယ်သွေးသစ်များကို မရွေးချယ် ပေးနိုင်လျှင် NLD ပါတီသည် တစတစ ပိုမိုအင်အား ချိနဲ့သွားနိုင်ချေရှိသည်။
NLD ပါတီသည် ပြည်တွင်း၌ နအဖနှင့် သူတင်ကိုယ်တင် ရင်ဆိုင်နေရသည့် ပါတီ ဖြစ်သည်၊ ထို့ကြောင့် ရွေးကောက်ပွဲဝင်ခြင်းမ၀င်ခြင်းသည် NLD ပါတီအနေနှင့် နိုင်ငံရေး ဒီရေ အတက်အကျကို တွက်ချက်၍ ဆုံးဖြတ်ရပေလိမ့်မည်။
နအဖက ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်လိုက်သည်နှင့် တပြိုင်နက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ကြပေလိမ့်မည်။
မည်သည့် နိုင်ငံရေးပါတီမဆို တရားဝင်ရပ်တည်နိုင်ရန်နှင့် ပြည်သူလူထုကို စည်းရုံး ရန်အတွက် ရွေးကောက်ပွဲဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ မှတ်ပုံတင်သင့်သည်ဟု ယူဆသည်၊ သို့မှသာ တရားဝင် နိုင်ငံရေးပါတီအနေနှင့် ရွေးကောက်ပွဲ မကျင်းပမှီကာလ အတွင်း၊ ပြည်သူလူထုတွင်းသို့ ၀င်ရောက် စည်းရုံးခွင့်ရပေလိမ့်မည်။
ထို့ကြောင့် မှတ်ပုံတင်ခြင်းသည် ရွေးကောက်ပွဲဝင်ရန်ဖြစ်သည်ဟု ကောက်ချက်မစော ဘို့လိုသည်။
နိုင်ငံရေးပါတီတခု အနေဖြင့် ပါတီမှတ်ပုံတင်ခြင်း၊ ၎င်းနောက် ရွေးကောက်ပွဲကာလ အတွင်း စည်းရုံးရေးဆင်းခြင်း၊ ပြည်သူလူထုထံ မိမိတို့လမ်းစဉ်မူဝါဒများကို ချပြခြင်းတို့ကို လုပ်ဆောင်ရပေမည်၊ ထိုအခါ နအဖမှ ပိတ်ပင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းတို့ကို ပြုလုပ်လာပါက တရားဝင်ကန့်ကွက်ခြင်း ၎င်းနောက်ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းတို့ လုပ်ပိုင်ခွင့်ရှိသည်၊ NLD ပါတီအနေနှင့် ရွေးကောက်ပွဲ မကျင်းပမှီ အချိန်အထိ ပြည်သူကို စည်းရုံးနိုင်သော အနေအထားကို ရယူထားနိုင်ရမည်။ ရွေးကောက်ပွဲသည် မည်သည့် နည်းနှင့်မျှ တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ချေ၊ ထို့ကြောင့် တဖက်မှ စည်းရုံးရေး ဆင်းပြီး၊ တဖက်မှလည်း နအဖ၏ ညစ်နည်းပေါင်းစုံကို ဖေါ်ထုတ်ခြင်း မှတ်တမ်းတင်ခြင်းတို့ကို ပြုလုပ်၍ ကမ္ဘာသို့တင်ပြရပေလိမ့်မည်။
ပြည်ပနိုင်ငံရေးလှုပ်ရှားမှု
ပြည်ပနိုင်ငံရေးလှုပ်ရှားမှုကိုကြည့်လျှင် လက်နက်ကိုင်တော်လှန်ရေးလုပ်နေသူများ တစတစလျော့နည်းလာနေသည်ကို တွေ့ရသည်၊ လက်နက်ကိုင်တော်လှန်ရေးလုပ်နေသူများ နေရာတွင် ပရိုပိုဆယ်နိုင်ငံရေး Project နိုင်ငံရေး လုပ်စားသူများ နိုင်ငံရေးပွဲစားများ နိုင်ငံရေးကုမ္ပဏီထောင်စားသူများ နေရာယူ ကြီးစိုးချယ်လှယ်လာခဲ့ကြသည်၊ လက်နက်ကိုင် တော်လှန်ရေးလုပ်နေသူများ တဖြေးဖြေး Project နိုင်ငံရေးအောက်တွင် ရောက်သွား ခဲ့ရသည့်အတွက် လက်နက်ကိုင်တော်လှန်းရေး ယုတ်လျော့ကျဆင်းလာ ခဲ့ရခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် ငြိမ်းအဖွဲ့များအားလုံး အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ယိုဒယား၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ထံ မှီခိုနေကြရသည်။
မဆလလက်ထက် ဗဟိုစီးပွားရေးစနစ်ကြောင့် မြန်မာထိုင်းနယ်စပ် မှောင်ခိုလုပ်ငန်း၊ မြန်မာတရုတ်နယ်စပ် မှောင်ခိုလုပ်ငန်း၊ မြန်မာအိန္ဒနယ်စပ် မှောင်ခိုလုပ်ငန်းများ ပေါက်ဖွား ထွန်းကားလာခဲ့သည်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နယ်စပ်တွင် အကောက် ခွန်ဂိတ်များဖွင့်၍ စီးပွားလမ်းဖြောင့်ခဲ့ကြသည်၊ ထိုင်းကုန်သည်များ စစ်ဗိုလ်ချုပ်များ အထိ ရင်းနှီးစွာ ဆက်ဆံအရေးပေးခြင်း ခံခဲ့ကြရသည်၊ လိုအပ်သော ခဲယမ်းမီးကျောက်များကို တဖက်နိုင်ငံမှ အလွယ်တကူ ၀ယ်ယူရရှိနိုင်ခဲ့ကြသည်၊ သို့ရာတွင် နအဖမှ တံခါးဖွင့် စီးပွားရေးစနစ်ကို ကြေငြာ၍ဖွင့်ပေးလိုက်သောအခါ ယိုးဒယား တရုတ်တို့ထံမှ ကုန်သည် များ နိုင်ငံရေးခေါင်းဆောင်များက ၀မ်းပမ်းတသာကြိုဆိုခဲ့ကြ ပြီး၊ ၎င်းတို့အကျိုးစီးပွား အတွက် နအဖကို ဘက်ပြောင်းထောက်ခံအားပေးခဲ့ပြီး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ မိမိနိုင်ငံအတွင်း သွားလာလှုပ်ရှားမှုများကို ကန့်သတ်လာခြင်း၊ ဖမ်းဆီးခြင်း၊ တင်းကြပ်သော ဥပဒေများထုတ်၍ ဖိနှိပ်ခြင်း၊ မှောင်ခိုလက်နက်သယ်ပေးသောသူများကို ဖမ်းဆီး၍ ပြင်းထန်စွာ အရေးယူခြင်းတို့ကို ပြုလုပ်လာခဲ့ကြသည့်အတွက် လက်နက်ကိုင် အဖွဲ့အစည်းများ အင်အား ချိနဲ့လာခဲ့သည်၊ မှောင်ခိုရောင်းဝယ်မှု မရှိတော့သဖြင့် ငွေရေးကြေးရေး ချို့တဲ့လာခဲ့သည်၊ လက်နက်ဝယ်ယူရန်ခက်ခဲလာ ပြီးလက်နက်ခဲယမ်း ဈေးနှုန်းများက ယခင်ကထက် ၁၀ဆခန့် ထိုးတက်သွားသဖြင့် လူရှိသော်လည်း လက်နက်တပ်ဆင်နိုင်မှုစွမ်းရည် ကျဆင်း လာခဲ့ရခြင်းသည် နအဖ စီးပွားရေးဖွင့်ပေးလိုက်ခြင်း၏ ရလဒ် ဖြစ်သည်။
တော်လှန်ရေးတပ်ပေါင်းစုများ
တော်လှန်ရေးတပ်ပေါင်းစုများ မှိုလိုပေါက်နေခြင်းသည် ပြည်ပနယ်စပ်တော်လှန်ရေး ကျဆင်းရသည့် အဓိကအကြောင်းရင်းဖြစ်သည်၊ (National Democratic Front) အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု (မဒတ)သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ စုစည်းထားသည့် တပ်ပေါင်းစုဖြစ်သည်၊ ရှစ်လေးလုံးအရေးတော်ပုံ ပေါ်လာ ပြီးနောက် ကျောင်းသားများ တောတွင်းထွက်လာသည့်အခါတွင် လူမျိုးစု တော်လှန်ရေးအင် အားစု သက်သက်ဖွဲ့စည်းထားသည့် တပ်ပေါင်းစု (မဒတ) မှတဆင့် မြန်မာ လူမျိုးများ ပါဝင်သည့် ပိုမိုကျယ်ပြန့်သည့် တပ်ပေါင်းစုဖွဲ့စည်းဘို့လိုသည်ဟု တိုင်းရင်းသား ခေါင်း ဆောင်များ အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားတွေးခေါ်၍ (Democratic Alliance of Burma) မြန်မာပြည် ဒီမိုကရက်တစ် တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့သည်။
သို့ရာတွင် ပိုမိုကျယ်ပြန့်သော DAB ပေါ်ပေါက်လာသော်လည်း NDFသည် ရှိမြဲရှိနေခဲ့သည်၊ DAB တွင် NDF အဖွဲ့ဝင်များအပြင် ကျောင်းသားတပ်မတော် ဦးဆောင် မှုအဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအ၀င် ပြည်သူ့ပြည်ချစ်ပါတီ (PPP) ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF),CRDB, မြန်မာ့မွတ်ဆလင်အဖွဲ့အစည်း၊ ရဟန်းပျိုသမဂ္ဂ၊ အထွေထွေသပိတ်ကော်မီတီ၊ လူ့ဘောင် သစ်ပါတီတို့ ပါဝင်လာခဲ့ကြသည်၊ ထိုအခါ တပ်ပေါင်းစု၂ခုဖြစ်လာသည့် မူရင်းတပ်ပေါင်းစု NDF ရှိနေပြီး နောက်ပေါ်လာသော တပ်ပေါင်းစု DAB ကလည်း ရှိနေခဲ့ပြန်သည်။
၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို နအဖက ငြင်းပယ်၍ NLDကို အာဏာလွှဲပေးရန် ငြင်းပယ်လိုက်ပြီးနောက် ဦးစိန်ဝင်းတို့ အမတ်တသိုက် တောတွင်းသို့ရောက်လာပြီးနောက် NCGUB ဆိုသည့် လေပေါ်လွင့်နေသည့် အဝေးရောက်အစိုးရပေါ်လာခဲ့သည့်အတွက် တိုင်းရင်းသားခေါင်းဆောင်များက ၎င်းအဝေးရောက်အစိုးရကို ထိန်းချုပ်နိုင်မည့် အမျိုးသား ကောင်စီကို ဖွဲ့စည်းခဲ့ပြန်သည်၊ National Council of Union of Burma (NCUB) သည် နောက်ပေါ်လာသည့် တပ်ပေါင်းစုတခု ဖြစ်လာပြန်သည်၊ နဂို NDF နှင့် DAB သည် ရှိမြဲ ရှိနေကြသည်၊ NCGUB မှ ၀န်ကြီးချုပ်သည် NCUB တွင် ဒုဥက္ကဋ္ဌဖြစ်သည်၊ များမကြာမှီ NCGUBသည် NCUB လက်အောက်ခံ မလုပ်လိုသဖြင့် နုတ်ထွက်သွားခဲ့ပြီး ပိုမို၍ လွတ်လပ်စွာ ကိုယ့်မြင်းကိုယ်စိုင်းနေတော့သည်။
NCUB ကို ဒေါက်လေးတိုင်နှင့် ဖွဲ့စည်းထားသည်ဟုဆိုသည်၊ ပထမဒေါက်မှာ NLD(လွတ်မြောက်နယ်မြေ) ဖြစ်သည်၊ ဒုတိယဒေါက်မှာ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU ဖြစ်သည်၊ တတိယဒေါက်မှာ DAB ဖြစ်သည်၊ စတုတ္ထဒေါက်မှာ NDFဖြစ်သည်၊ တဖန် (Seven Alliance) အဖွဲ့ခုနှစ်ဖွဲ့အုပ်စုဟူ၍ ထပ်၍ဖွဲ့လာကြပြန်သည်။
ချုပ်၍ကြည့်လိုက်လျှင် တပ်ပေါင်းစုကြီးလေးခုNDF, DAB, NCUB, SA တို့ကိုတွေ့ရ မည်ဖြစ်သည်။ ၎င်းတို့တွင် ပါဝင်နေသူများသည်၊ ဦးထုပ်မျိုးစုံပြောင်း၍ ဆောင်းနေသော သူများဖြစ်သည်၊ တပ်ပေါင်းစုတွင်းမှ တပ်ပေါင်းများ မှိုလိုပေါက်နေခြင်း၊ နေရာဖန်တီးနေခြင်း သည် ယနေ့တပ်ပေါင်းစုများ၏ အဓိကလုပ်ငန်း ဖြစ်နေသည်၊ နအဖအားတိုက်ရန်မဟုတ်။ ယနေ့နအဖကို တိုက်ရန် ကျစ်လစ်ခိုင်မာသော တခုတည်းသော တပ်ပေါင်းစုကြီး ပေါ်ပေါက် နိုင်ရန် အထူးလိုအပ်သည်၊ DABသည် အနှစ်သာရအားဖြင့် ပြည့်စုံသောတပ်ပေါင်းစု ကြီးဖြစ်သည်၊ ကျန်တပ်ပေါင်းစုများအားလုံးတွင် နေရာယူထားသူများ မိမိတို့တပ်ပေါင်းစုကို ဖျက်၍ DAB တွင်းသို့ဝင်မည်ဆိုလျှင် ၎င်း သို့မဟုတ် NCUB ကိုသာ အဓိကထား၍ ကျန်တပ်ပေါင်းစုများအာလုံးကိုဖျက်၍ ကျစ်လစ်စွာ ပါဝင်လုပ်ဆောင်ကြမည်ဆိုလျှင် ထိုရောက်သော တွန်းအားဖြစ်လာပေလိမ့်မည်။
တခုတည်းသောတပ်ပေါင်းစုကသာ ယနေ့ ချစားနေသော Proposal နိုင်ငံရေးကို ထိန်းချုပ်နိုင်ပေလိမ့်မည်ဟုမြင်သည်။ တပ်ပေါင်းစုကြီးတွင်းမှ တပ်ပေါင်းစုလေးများအားလုံး ပြည်တွင်းလုပ်ငန်းစဉ်များကို မိမိပရောဂျက်ဖြင့် မိမိလုပ်နေကြသည့် အဓိက UG လုပ်ငန်း ဖြင့်သည်။ UG လုပ်ငန်းသည် အလွန်စားသာသော လုပ်ငန်းဖြစ်သည်၊ မည်သည့် အကြောင်းပြချက်ကိုမျှ ပေးစရာမလို UG ဟုသိလိုက်လျှင်ပင် မေးမြန်းခွင့်မရှိ သိခွင့်မရှိ အထူးလျှို့ဝှက်ဟု သတ်မှတ်ချက်ဖြင့် ထင်သလို စစ်ဆေးခြင်းမရှိ သုံးစွဲခွင့်ရနေသည်။ UG များ တကယ်ရှိမရှိ အလုပ်တကယ်လုပ်မလုပ် မသိရှိရသော်လည်း ငွေကျေးကုန်ကျ အများဆုံးလုပ် ငန်းဖြစ်သည်၊ အနှစ်၂၀ အတွင်း ဘာထိထိရောက်ရောက်အောင်မြင်မှုရသနည်း? ကြည့်လျှင် မြင်သာပါသည်။
ညွန့်ပေါင်းအစိုးရ
ညွန့်ပေါင်းအစိုးရ (NCGUB) သည် ပြည်တွင်း လှုပ်ရှားမှုကို မပြုလုပ်နိုင်ရုံမက ပြည်ပစည်းရုံးမှုကိုလည်း လုပ်ရန်အစွမ်းမရှိပေ၊ အစိုးရအမည်ခံထားသဖြင့် နိုင်ငံခြားငွေ အများဆုံးရနေသော အဖွဲ့အစည်း ဖြစ်သော်လည်း အရည်အချင်း မရှိသောသူများ ဦးဆောင် နေသဖြင့် ပျိုလဲလာခဲ့သည်မှာ နောက်ဆုံး ထိုင်းအခြေစိုက်ရုံး၊ ၀ါရှင်တန်အခြေစိုက်ရုံးများ ပိတ်ပစ်ခဲ့ရသည်အထိ ဆိုးဝါးလာခဲ့သည်၊ သို့ရာတွင် ၀န်ကြီးချုပ်ကတော့ အိမ်ဝယ်ဖြစ် သွားသည်။ NLD (လွတ်မြောက်နယ်မြေ) နှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) တို့မှ ဖိအားပေးလာခဲ့သဖြင့် ဒပ်ဗလင် ညီလာခံကို လက်သင့်ရာထောက်ခံသည့် အဖွဲ့အစည်း များဖြင့်သာ ဟန်ပြကျင်းပခဲ့သည်၊ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှ ဖိအားပေးသဖြင့် NCGUB ကို တိုးချဲ့ဖွဲ့စည်းပါမည်ဟု ကတိပြုခဲ့ရသည်။ ၆လအတွင်း အကောင်အထည်ဖော်မည်ဟု ကြွေး ကျော်ခဲ့သော ၀န်ကြီးလက်သစ် ခွန်မြင့်ထွန်းတယောက် ၆လကျော် တနှစ်တွင်း ချဉ်းနင်း ၀င်ရောက်လာခဲ့သော်လည်း NCGUB တို့ချဲ့ရေးလေသံ မကြားရတော့ပေ၊ ထို့ကြောင့် NCGUB တိုးချဲ့ရေးသည် ဖြစ်နိုင်ချေ မရှိတော့ချေ။ ရာသက်ပန် ၀န်ကြီးချုပ်သည်လည်း နောက်ဆုံး တယောက်တည်း ကျန်သည်အထိ ၎င်း၏ စားဖားများနှင့်သာ နေသွားမည့်သဘောရှိသည်၊ NCGUBသည် ပုတ်ပွနေသော ကျားသေဖြစ်သည်၊ အသက်သွင်း၍ မရနိုင်တော့ဟု သုံးသပ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တပ်ပေါင်းစုဖွဲ့ထားသော်လည်း တဖွဲ့ အတိုက်ခံရလျှင် တဖွဲ့ကပါဝင်ရန် သဘောတူညီထားသော်လည်း တကယ့်ရန်သူက ထိုးစစ် ဆင်လာသောအခါ ကျန်အဖွဲ့များ ပါဝင်လာခြင်းမရှိပေ၊ ငြိမ်းအဖွဲ့များကြည့်လျှင် နှစ် ၂၀ကြာ ငြိမ်းချမ်းစွာနေနေရစဉ် မိမိဒေသတွင်း စီးပွားရေးကို လုပ်ခွင့်ရခြင်း၊ ပြည်မတွင် ရင်းနှီး မြုပ်နှံခွင့်ရခြင်း၊ ထို့ကြောင့် ချမ်းသာကြွယ်ဝ လာခဲ့ကြသည်၊ ခေါင်းဆောင်တို့ ချမ်းသာ လာကြသော်လည်း ငယ်သားတို့ ဒုံရင်းဒုံရင်းဖြစ်သည်၊ ကိုးကန့်ကို နအဖ တိုက်သည့်အခါ ၀နှင့်ကချင်တို့ ပါဝင်ခြင်းမရှိဘဲ၊ ဘေးမှကြည့်နေသည့်အနေအထားသည် မခိုင်မြဲသည့် မဟာ မိတ်ပြုခြင်းကို ပြနေခဲ့သည်။
ဝ အုပ်စုသည် ငြိမ်းအဖွဲ့တွင် အင်အားအတောင့်တင်းဆုံး အုပ်စုဖြစ်သည်၊ ဗကပထံမှ စစ်ပညာအပြည့်အ၀ ရရှိထားကြသည့် တိုက်စွမ်းရည်မြင့်မားသော လူမျိုးစုဖြစ်သည်သာမက စစ်သွေးစစ်စိတ်ပြင်းထန်သော လူမျိုးစုဖြစ်သည်။ ထို့အပြင် ၀လူုမျိုးသည်ယူနန်ပြည်နယ် နေရာအများအပြားတွင် နေထိုင်ကြသည့် လူမျိုးများ ဖြစ်သဖြင့် ယူနန်နိုင်ငံသားများအဖြစ် အသိအမှတ်ပြုခံရသူများဖြစ်သည်၊ ၀ အုပ်စုကို နအဖက ဒီဇင်ဘာလကုန်အထိ ရာဇသံ ပေးထားသည်၊ အကယ်၍ နယ်ခြားစောင့်တပ် အသွင်မပြောင်းလဲပါက ကိုးကန့်ကဲ့သို့ ရင်ဆိုင် ရမည်လား စောင့်ကြည့်ရမည့်သဘောရှိသည်။ အကယ်၍ ၀ နှင့် စစ်ဖြစ်လျှင် ယူနန်နယ် အတွင်း ၀ စစ်ပြေးဒုက္ခသည်များ ၀င်လာပေလိမ့်မည်၊ တရုတ်အစိုးရအနေနှင့် များပြားသော စစ်ပြေးဒုက္ခသည်များအတွက် ၀န်ထုပ်ဝန်ပိုးတာဝန်ကို ယူရန်မနှစ်မြို့ချေ၊ နအဖအစိုးရ အနေနှင့် ၀ကိုတိုက်မည်ဆိုလျှင် တရုတ်နှင့် အလျှင်ညှိရပေမည်၊ တရုတ်ကြီးက မီးစိမ်းပြသည့်နေ့တွင် နအဖက ၀ကို တိုက်ပေလိမ့်မည်။
ဝခေါင်းဆောင်များ အနေနှင့် ၀နယ်ကိုတိုက်လာလျှင် စစ်မျှားဦးကို အားလျော့စေရန် လုပ်ဆောင်နိုင်ဖို့လိုသည်၊ ပြည်တွင်း လူငယ်အင်အားစုများ နယ်စပ်ကျောင်းသားအုပ်စုများကို လက်နက်ခဲယမ်းများ ပံ့ပိုးပေးခြင်း ပြည်တွင်းမြို့ပြ ပျောက်ကျားများကို ကူညီထောက်ပံ့ခြင်းဖြင့် နအဖကို စစ်နှစ်ဖက်ညှပ်တိုက်နိုင်ရန် ကြိုတင်ပြင်ဆင်သင့်သည်။
နိဂုံး။ ။ အချုပ်အားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မည့်နိုင်ငံရေးပါတီများ မည့်သည့်နည်းဖြင့်မှ အနိုင်ရရန်အကြောင်းမရှိချေ၊ သန်းရွေှ့၏မိန့်ခွန်းက ၂၀၁၀ရွေးကောက်ပွဲ ပြီးနောက် ရင့်ကျက်သည့် ဒီမိုကရေစီ ရရှိရေးမမျော်လင့်ရန် ပြောကြားချက်ကို ကြည့်လျှင် ရွေးကောက်ပွဲကို မနိုင် နိုင်အောင် စီစဉ်ထားပြီဖြစ်ကြောင်း ပေါ်လွင်နေခဲ့သည်။ သန်းရွှေသည် ၂၀၁၀ကို ၁၉၉၀ကဲ့သို့ အဖြစ်မခံနိုင်ပေ၊ ၂၀၀၈ အခြေခံဥပဒေကို ၉၂%ရာခိုင်နှုန်းက ထောက်ခံခဲ့သည်ဟု ကြေငြာခြင်းကို ကြည့်လျှင်၊ ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ၎င်းတို့ နိုင်သည်ဟု ကြေငြာမည့်အစီအစဉ်ရှိနေကြောင်း သိသာသည် အတိုက်အခံ နိုင်လျှင်လည်း ရှုံးသည်ဟု ဗြောင်ကြေငြာမည်ပင်။
အတိုက်အခံ အင်အားစုတို့ ရွေးကောက်ပွဲဝင်ပြီး တဖြေးဖြေးချဲ့ယူမည် ပြောင်းယူ မည်ဆိုသည်မှာ စိတ်ကူးယဉ်ချက်တခုအဖြစ်မြင်သည်။ ၂၀၀၈ အခြေခံဥပဒေကို “ Vote No” မဲပေးပြီး ဆန့်ကျင်မဲပေးကြဆိုသည့် ဆောင်ပုဒ်သည် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်း စွပ်လိုက်ခြင်းပင်ဖြစ်သည်၊ မိမိကိုယ်တိုင် မဲပေးခဲ့သဖြင့် ကန့်ကွက်ပင် ကန့်ကွက် သော်ငြား လည်း မိမိက အမဲပေးအတည်ပြုပေးသကဲ့သို့ ဖြစ်သွားခဲ့သည်။ ထို့အတူ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့လျှင် “ Vote No” ကဲ့သို့ ၎င်းတို့အကွက်ဆင်ထားသော ခွင်ထဲသို့ ၀င်ရောက်သွားသည်နှင့်အတူတူပင်ဖြစ်ပေလိမ့်မည်၊ ယှဉ်ပြိုင်မှုရှုံးလျှင်၎င်း၊ နိုင်လျှင် ၎င်းသန်းရွှေအုပ်စုကသာ အနိုင်ရသည်ဟု ဗြောင်လိမ်ဗြောင်စားလုပ်ပြီး အာဏာယူပေ လိမ့်မည်၊ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ခြင်းသည် သန်းရွှေ၏ အရပ်သားအစိုးရ ဖွဲ့စည်းမှုကို ထောက်ခံပေးသကဲ့သို့ ဖြစ်ပေလိမ့်မည် ၂၀၁၀ ရွေးကောက်ပွဲမှ ပြည်သူ့လှုပ်ရှားမှု အသွင်ပြောင်းလဲရေးသည်သာ ပြည်သူတို့အတွက် ထွပ်ရပ်လမ်းဖြစ်ကြောင်း ယုံကြည်သည်။
ထွန်းအောင်ကျော်
ဇန်န၀ါရီလ၊ ၃ရက်၊ ၂၀၁၀
Subscribe to:
Post Comments (Atom)
No comments:
Post a Comment