Monday, July 20, 2009

THE RESPONSIBILITIES OF THE LEADERS AND THE DUTIES OF THE LEADERS' RESPONSIBILITIES

ခေါင်းဆောင်မှုနှင့်တာဝန်သိတတ်မှု

ကျွန်းနိုင်ငံငယ်ကလေးတခုတွင် အစိုးရ၏ငွေကြေးသုံးစွဲမှုကိုစာရင်းစစ်ဆေးသောအဖွဲ့မှ စစ်ဆေးကြည့် ရာတွင် သန်းပေါင်းမြောက်များစွာ စာရင်းအင်းမရှိ၊ မှတ်တမ်းမှတ်ရာမရှိပဲပြောက်ဆုံးနေကြောင်းရှာဖွေ တွေ့ရှိခဲ့ကြသည်။ စစ်ဆေးသောအဖွဲ့သည်လဲ အစိုးရအဖွဲ့အစည်းပင်ဖြစ်သော်ငြားလည်း တွေ့ရှိမှု ကို ဘက်မလိုက်ပဲ ဖေါ်ပြခဲ့သည်။ အစိုးရနှင့်အစိုးရအဖွဲ့တွင်ပါဝင်နေသောဝန်ကြီးများ၏တုံ့ပြန်မှုက လည်း မှတ်သားလောက်ပါသည်။ အထက်တန်းနှင့်တက္ကသိုလ်ကျောင်းများတွင် စာရင်းအင်းနှင့်စာ ရင်းစစ်ဘာသာကို မသင်မနေရသင်ကြရန်ပြဋာန်းဘို့လိုအပ်သည်ဆုံးဖြတ်ကြောင်းဖြစ်သည်။ အစိုးရ နှင့်ဝန်ကြီးများ၏အကြောင်းပြချက်က သူတို့သာ စာရင်းအင်းနိုင်ခဲ့လျှင်ထိုသို့ငွေများပြောက်ဆုံး ဘုန်း ခံခဲ့ရမည်မဟုတ်၍ ထိုလိုအပ်ချက်ကိုပြည့်ရန် ဤဘာသာရပ်မသင်မနေရပြဋာန်းရန်လိုခြင်းဖြစ်သည်ဟု သတင်းတွင်ကြေညာပါသည်။ ခဏလေးညိမ်၍ပြန်စဉ်းစားကြည့်ပါဦး။ အစိုးရငွေကြေးများကို အလွဲ သုံးစားလုပ်နေသည်မှာ အထက်တန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများမဟုတ်ကြပါ။ ထိုကျောင်းသားများက နိုင်ငံ၏ငွေကိုစီမံခန့်ခွဲရန်လည်း လုပ်ပိုင်ခွင့်မရှိပါ။ လုပ်ပိုင်ခွင့်ရှိပြီး မလျှော်မ ကန်လုပ်နေ၊ ပစ်စလက်ခဖြုန်းတီးနေ၊ ဘုန်းနေသူတို့မှာ အစိုးရနှင့် ၀န်ကြီးများပင်ဖြစ်ပါသည်။ ၀န် ကြီးများအနေနှင့် ဋ္ဌာနဆိုင်ရာအလိုက် ရလာသောအခွင့်အရေးများကို အသုံးပြု၍ကိုယ်ကျိုးရှာများ သွားသဖြင့် ထိုနိုင်ငံငယ်လေး၏ နိုင်ငံပိုင်ငွေသန်းပေါင်းများစွာပျောက်ဆုံး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ခေါင်းဆောင်မှုကောင်း၏ မိမိလုပ်ကိုင်မှုအပေါ်တာဝန်ယူမှုကို ပြသသည့်ပုံစံကောင်းလောဆိုသည်ကို အားလုံးစဉ်းစားမိကြလိမ့်မည်ဖြစ်သည်။

အာဏာရှင်ဦးနေ၀င်း၏အထွက်မိန့်ခွန်းတခုတွင် တိုင်းပြည်မှာဖြစ်နေတာသူဘာမှမသိပါဘူး။ အောက် ကလူတွေမရိုးမသား၊ ခိုးစားကြလွန်း၍တိုင်းပြည်ကမောက်ကမဖြစ်ရသည်ဟု နိုင်ငံ့ခေါင်းဆောင်ပီပီ ၎င်း၏ခေါင်းဆောင်မှုတာဝန်ကို မျက်နှာပြောင်တိုက်၍ ငြင်းဆိုခဲ့ဘူးသည်ကို အားလုံးမှတ်မိကြပါလိမ့် မည်။ တိုင်းသူပြည်သားများငတ်မွတ်ဒုက္ခရောက်နေချိန်တွင် ဦးနေ၀င်းတို့ကတော့ ကမ္ဘာ့အချမ်းသာ ဆုံးသူများစာရင်းတွင်ဝင်ခဲ့သည်။ လန်ဒန်တွင်ဆေးသွားကုသည့်အခါ သူတက်သည့်ဆေးရုံမှဝန်ထမ်း အားလုံးကို ကျောက်မျက်ရတနာများလက်ဆောင်ပေးခဲ့လေ့ရှိသည်။ လူထုဗိုက်မှောက်၍ တိုင်းပြည် က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံနေရချိန်တွင် သူကတော့ ဝေသံသယာလုပ်နေခဲ့သည်။ သူ၏ခေါင်းဆောင်မှုအရည်အချင်းကို ပိုမိုပြသရန်အတွက် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံရ ခြင်းကိုပင် တိုင်းပြည်အတွက်ဂုဏ်ယူစရာနှင့်တိုင်းပြည်ပို၍ အကျိုးအမြတ်ရှိစေသယောင်ပင် လေသံ လွှင့်ခဲ့သေးသည်။

မဆလ၊ နအဖတို့၏ဥာဉ်ဆိုးများတို့ကို အော့နှလုံးနာလာ၍ ဆန့်ကျင်တော်လှန်ကြသည့် ကျွန်တော် တို့တွင် ထိုသို့သော အကျင့်ဆိုးမျိုးကိုပါ အသွေးအသားထဲ၊ မသိဥာဉ်ထဲမှဖေါက်ထုတ်ပြောင်းလဲကြ ရန်လိုလိမ့်မည်ဟု အားလုံးတွေးမိကြပါလိမ့်မည်။ ထိုသို့ပြောင်းလဲမှုမလုပ်ပဲ တွန်းလှန်ရန်ကြိုးစား သည်ဆိုပါက အာဏာမက်မော၍သာတွန်းလှန်တိုက်ခိုက်ခြင်းဖြစ်ပါလိမ့်မည်။ စံနစ်ကိုပြောင်းလဲနိုင် လိမ့်မည်မဟုတ်ပါ။ ကျွန်တော်တို့တတွေတွင် ထိုသို့သော ဥာဉ်ဆိုးများမည်မျှကင်းရှင်းပါပြီနည်း။

စီဘောက်တခုတွင်မဟာဥာဏ်ကြီးရှင်တယောက်က အထွန့်တက်သည်။ နအဖသူ့ဘာသာသက်ဆိုး ရှည်ပြီးမတရားလုပ်နေတာတွေနှင့် အန်စီဂျီယူဘီဘာသက်ဆိုင်ပါသနည်းတဲ့။ ထိုသူ့အတွက်ပြောစ ရာစကားတလုံးတည်းရှိသည်မှာ စဉ်းစားပေါ့ဆိုတာပင်ဖြစ်သည်။ မစဉ်းစားလျှင် ထိုသူအနေနှင့်စင်း ထားတာစားနေရသည့်သတ္တ၀ါဖြစ်သွားပေလိမ့်မည်။ ပထမဦးစွာလွတ်မြောက်နယ်မြေဟုဆိုသော ဒေ သမှခေါင်းဆောင်မှုများနှင့် တာဝန်ယူမှုများအကြောင်းဆွေးနွေးလိုပါသည်။ တချိန်ကနယ်စပ်ကျောင်း သားတပ်မတော်တပ်ရင်းတခုတွင် ယခုအချိန်ထိခေါင်းဆောင်နေရာကို ဖင်တွင်ဆင်ကော်ကပ်၍ အ တင်းတွယ်ကပ်နေသူတဦးက ဟိုတုန်းကကျွန်တော်တို့ ငှက်ပျောပင်ပဲစားရတယ်၊ အခုကျွန်တော်တို့ ပဲဟင်းစားနေရပြီ။ တော်လှန်ရေးတော်တော်တိုးတက်လာပြီဟု တပ်တွင်းဆွေးနွေးပွဲတခုတွင် မှတ် သားအတုယူဘွယ်ပင် မိန့်ကြားခဲ့သည်။ ထိုသို့သောဆင်ခြင်စဉ်းစားမှုမျိုးနှင့်ဆိုလျှင် ဤစကားပြော ခဲ့သောမဟာဂေါင်းရှောင်ကြီးအနေဖြင့် ဟိုအရင်က မိုးမလုံတဲ့သက်ကယ်တဲမှာပဲနေရတယ်၊ အခု တိုက် ခန်းအကြီးကြီးတွေမှာ လင်မယား၂ယောက်ထဲနေရပြီ၊ အရင်က လမ်းလျှောက်သွားရ- စုံထောင်ဆို သောလိုင်းကားစီးရပေမဲ့အခုတော့ ကိုယ်ပိုင် လေးဘီးမောင်းတိုယိုတာဟိုင်းလက်စ်ကားကြီးများစီးနိုင် နေပြီဆိုတော့ တော်လှန်ရေး အလွန့်အလွန်တိုးတက်လာပြီ၊ အကောင်းဆုံးအခြေအနေရောက်လာပြီ ဟုပင် ကောက်ချက်ချဦးမည်ထင်သည်။ လူထုကတော့ မဆလခေတ်ကထက်ပင် ပိုငတ်မွတ်လာနေ ကြသည်။ ယခင်က မိသားစုရှင်သန်ဘို့အတွက် သမီးမိန်းကလေးများကို မကောင်းသည့်နေရာတို့ တွင်ခန္တာကိုယ်ရင်းပြီး လုပ်စားစေရန်မလိုခဲ့ကြသော်လည်း ယခုတော့ ကမ္ဘာမီးလောင်သားကောင်ချ နင်းနေရပေပြီ။ ဂေါင်းရှောင်ကြီးများတို့၏တိုးတက်မှုပေတံကတော့ တိုးတက်မှု၂၀၀ရာခိုင်နှုန်းပင်က မည်မထင်အောင် တိုးတက်နေဆဲပဲဖြစ်သည်။ သူများသားမယားကိုခိုးလျှင် ငယ်သားများအနေဖြင့် သေဒါဏ်ပေးခံရသောအခြေအနေမှ ဂေါင်းရှောင်ကြီးများအနေဖြင့် ထိပ်မှစသူများမယားကြာခိုလိုက်ပြီး မတရားသော အပြစ်ဒါဏ်ကို နောက်ထပ်မသုံးနိုင်အောင်ပယ်ဖျက်အောင်လုပ်ခဲ့ပြီးပြီ။ နည်းနည်းနော နောအောင်မြင်မှုမဟုတ်ပါလော။

ထိပ်တွင်ဖေါ်ပြခဲ့သောကျွန်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့မှလွဲ၍ စံချိန်ပြည့်ဝသော နိုင်ငံအတော်များများ၊ အဖွဲ့အစည်းတော်တော်များများတွင် အဖွဲ့အစည်း၏ဆုံးရှုံးမှု၊ အားနည်းလာမှုတို့ကို သက်ဆိုင်ရာ တာဝန်ယူထားသည့်ခေါင်းဆောင်များက တာဝန်ယူကြရသည်။ တာဝန်သိတတ်မှုရှိကြောင်းလဲ အ လုပ်ဖြင့်ပြကြလေ့ရှိသည်။ ၎င်းတို့မလုပ်နိုင်၍ အကျိုးထိရောက်မှုနဲလျှင် တာဝန်မှနှုတ်ထွက်ကြခြင်း ဖြင့် မိမိ၏တာဝန်သိမှုကိုပြသလေ့ရှိကြသည်။ နောက်လူများပိုလုပ်နိုင်ရန် လမ်းဖွင့်ပေးလေ့ရှိသည်။ ကျွန်တော်တို့တော်လှန်ရေးတွင် နေရာတခုရလိုက်လျှင်သေသည်အထိဖင်မြဲအောင် လုပ်ကြလေ့ရှိ သည်။ ခေါင်းဆောင်နေရာတို့မှာ တာဝန်ထက်ရာထူးအခွင့်အရေးကိုသာ ပိုအာရုံထားကြကာ ရာ သက်ပန်ယူထားရမည့်ပိုင်ဆိုင်မှုများဟုသတ်မှတ်လေ့ရှိကြသည်။ ပို၍ရှက်စရာကောင်းသည်မှာ လူထု ကရွေးချယ်သည်မဟုတ်ပဲ အချင်းချင်းအပြန်အလှန်နေရာခွဲကြကာ (ရွေးချယ်သည်ဟုပြောလျှင်ရှက်စ ရာကောင်းပါသည်) ရွေးကောက်ခံရသည့်ပုံစံဖြင့် မရှက်မကြောက် မိမိကိုယ်ကော၊ အများကိုပါလိမ်ကြ သည်။

အနှစ်၂၀ကြာခဲ့ပြီဖြစ်သော်လည်း နယ်စပ်တွင်ခေါင်းဆောင်များသည် ဤလူဤလူများသာဖြစ်နေကြ သည်။ အနှစ်၂၀ကြာပြီးတိုးတက်မှုမရှိသည့်အတွက် (ပိုမှန်မှန်ကန်ကန်ရေးရလျှင် ပိုမိုဆုတ်ယုတ်လာ ရသည့်အတွက်) ထိုခေါင်းဆောင်များမှ တာဝန်ယူပြမှုမရှိကြသည်မှာလည်း ညင်း၍မရပေ။ အခွင့်အ ရေးတွေနှင့်နေရာယူဂုဏ်ယစ်နေကြပြီး တော်လှန်ရေး၊ နိုင်ငံပြောင်းလဲရေးအတွက် မည်သည့်နေရာ တွင်မျှခေါင်းဆောင်မှုအရည်အချင်းပြသနိုင်ခဲ့ခြင်းမရှိသည်မှာလဲ အံ့သြစရာကောင်းလှသည်။ အလုပ် မရှိကြောင်သန်းရှာတာကိုပဲ အဟုတ်လုပ်၍အချိန်ဖြုံးကြသည်။ ဥပမာများပြောရလျှင်လဲကုန်မည်မ ဟုတ်သလို အားလုံးလဲသိပြီးဖြစ်သဖြင့် ပြောစရာမလိုအပ်တော့ပါ။ လက်မှတ်ထိုးခြင်းက နောက်ဆုံး သောအချိန်ဖြုံးမှုတခုဖြစ်သည်။ သူတို့ပြောနေသောစကားများလုပ်ငန်းများအားလုံးကို လေ့လာကြည့် လျှင် ကမ္ဘာနှင့်အပြည်ပြည်ဆိုင်ရာကို မည်သို့အကူအညီတောင်းမည်၊ အခြားလူများလုပ်ကြသည်ကို သောက်ရှက်မရှိကြွားဝါကြမည်တို့မှလွဲ၍ မိမိတို့အစီအစဉ်၊ မိမိတို့လုပ်ဆောင်မှုဖြင့် ဘာလုပ်မည်၊ မည်သို့ပြောင်းလဲအောင်စီမံမည်ဟူ၍မရှိပါ။ မည်သည့်အတွက်ကြောင့်မျိုးစဉ်ဘောင်ဆက် သူတောင်း စားစိတ်ဓါတ်သာပါလာသူများက ခေါင်းဆောင်များအဖြစ်နေရာယူနေကြခြင်းဖြစ်သည်မှာ နားလည်ရန် ခက်ခဲသောပြသနာတခုဖြစ်သည်။ ဘိုးစဉ်ဘောင်ဆက်ကသွေးပြသည့်အတိုင်း ထိုသူများတို့က မည် သို့အသနားခံတောင်းဆို၊ နားပူနားဆာလုပ်ရန်သာသိကြသည်။ ကိုယ့်အားကိုယ်ကိုးရကောင်းမှန်းမ သိတတ်ကြပေ။ တော်လှန်ရေးတွင်ကင်းမဲ့နေသေးသော ညီညွတ်ရေး၊ စံနစ်ကျသောတည်ဆောက်မှု နှင့်အင်အားရှိရေး၊ လက်တွေ့ကျသောနည်းဗျူဟာနှင့်အစီအစဉ်များရှိရှိလုပ်ဆောင်နေရေး၊ ပြည်တွင်း ပြည်ပပေါင်းစည်းလုပ်ကိုင်မှုပိုမိုတိုးမြှင့်လုပ်ကိုင်နိုင်စေရေး၊ နည်းပညာသစ်များရှာဖွေစုဆောင်းဖြန့်ဖြူး ရေးနှင့် လူထုကို ကူညီစည်းရုံးရေးများတွင် မည်သို့သောဖြည့်ဆီးဆောင်ရွက်မှုကိုမှ ဤခေါင်းရှောင် များတို့၏ဦးဆောင်မှုနှင့်မလုပ်နိုင်ခဲ့ကြသည်မှာလဲ အထူးအဆန်းမဟုတ်တော့ပေ။ နောက် အနှစ်တ ရာရှိလျှင်လည်း ထိုကိုယ်ကျိုးထိပ်ထားသောဦးဆောင်မှုများနှင့် မည်သည့်ပြောင်းလဲမှုများမှဖြစ်လာ လိမ့်ဦးမည်မဟုတ်ပေ။ ထိုသူများက သောက်သောက်လဲအသုံးမကျပါပဲနှင့် မည်သည့်အတွက်ကြောင့် တော်လှန်ရေးကို သူတို့ဦးဆောင်မှဖြစ်မည်ဟုယူဆနေရာလုနေကြခြင်းဆိုသည်ကိုတော့ ယုတ္တိရှိရှိ အ ဖြေရှာလျှင် အခြားတဘက်မှနေ၍လူထုကို ငရဲတွင်းထဲတွန်းပို့နေသော စစ်အာဏာရှင်၎င်းတို့၏အဖေ ကြီးများသက်ဆိုးရှည်အောင် လုပ်ပေးဘို့ရာအတွက် ဖန်တီးနေခြင်းမှတပါး အခြားအဖြေမရှိသမျှပင် ဖြစ်သည်။ နအဖ၏အောက်ဆွဲခွေးများက မိမိတို့ဘက်တွင် ဂေါင်းရှောင်တာဝန်များလာထိမ်းချုပ်ကာ သူတို့သခင်နအဖသက်ဆိုးရှည်အောင်လုပ်ပေးနေခြင်းလားဆိုသည်ကို မေးစရာဖြစ်လာပြီဖြစ်၏။

လူထုကမည်သည့်အခါမျှသူတို့၏ခေါင်းဆောင်များကို ရွေးချယ်ခွင့်မရခဲ့ကြပေ။ လူထုမြတ်နိုးစွာ တင် မြှောက်ထားသော ခေါင်းဆောင်များမှာလည်း ထောင်ကျသူကကျ၊ ထိမ်းသိမ်းခံရသူကခံရဖြင့် အများစု မှာ လူထုအတွက်အလုပ်လုပ်ရင်း အန္တရာယ်များကို ရင်ဆိုင်ပေးဆပ်နေကြသူများဖြစ်သည်။ အပြင်၌ လွတ်မြောက်နေသေးသူအနဲငယ်ကသာ အမှန်တကယ်ခေါင်းဆောင်မှုတာဝန်ယူ၍ သူတို့၏တာဝန်ကို သူတို့ရဲရဲရင့်ရင့်လုပ်နေကြသည်။ အများစုက နေရာတွေသာယူကာ ခုံမြဲအောင်ထိုင်၍ငြိမ့်နေကြခြင်း ဖြင့် လူထုစိတ်ပျက်အောင်၊ လုပ်နေသူများစိတ်ဓါတ်ကျအောင်၊ လုပ်ရင်းပေးဆပ်နေသူများမျက်ရည်ကျ အောင် ရန်သူ့အားပေးသစ္စာဖေါက်နေကြသည်။ ထိုသူများတို့က လုပ်လဲလုပ်မည်မဟုတ်၊ နေရာလဲ ဖယ်မည်မဟုတ်ပဲ မသေမချင်း နအဖသစ္စာခံကာ နအဖအာဏာရှင်စံနစ်တည်မြဲနေအောင်၊ သက်ဆိုး ရှည်နေစေအောင် လုပ်ကြလိမ့်မည်ဖြစ်သည်။ ထိုသူများကိုမှ သစ္စာဖေါက်မခေါ်လျှင် မည်သူတို့ကို သစ္စာဖေါက်သတ်မှတ်ကြပါမည်လဲ။

မြန်မာဘာသာနှင့်လွှင့်သောအသံလွှင့်ဋ္ဌာနများကလဲ နအဖကြာရှည်ရှိလျှင်သူတို့အလုပ်ကြာရှည်ရှိနေ မည်ကိုတွက်၍ပဲလားမသိ-ဂေါင်းရှောင်များကိုသာအားပေးအားမြှောက်ပြုကြသည်။ သူတို့အလိုရှိသူ များကိုသာ ဂေါင်းရှောင်များအဖြစ်တွန်းတွန်းပို့တတ်ကြသည်။ သတင်းများ၊ အင်တာဗျူးများလုပ်ရာ တွင် ဂေါင်းဆောင်ကြီးမည်သူက၊ မည်ဝါကဟုဆိုကာ အတင်းတွန်းတင်တတ်ကြသည်။ သတင်းစာ နယ်ဇင်းသမားများ၏ကျင့်ဝတ်ဆိုသောစကားလုံးနှင့်ကိုင်တွယ်ကာ အကုန်ရှောက်ဖေါ်ကြသည်။ အ မှန်တကယ် တော်လှန်ရေးနယ်ပယ်အတွင်း ဂေါင်းရှောင်များ၏ ဖေါက်ပြန်မှုများ၊ မထိရောက်မှုများ၊ လူ့ အခွင့်အရေးချိုးဖေါက်မှုများနှင့် ကျူးလွန်မှုများကိုတော့ ရေငုံနှုပ်ပိတ်နေခဲ့ကြသည်။ မည်သို့သောဖေါ် ထုတ်မှု ရှိခဲ့ပါသနည်းဆိုသည်ကို လေ့လာကြည့်လျှင်သိနိုင်ကြပေမည်။ တစက်မှမရှိပါ။ နအဖ၏ ဖေါက်ပြန်မှုများသာမက။ တော်လှန်ရေးဂေါင်းရှောင်များ၏ သရုပ်မှန်များကိုလည်း အမှန်အရှိကို ရှိ သည့်အတိုင်းဖေါ်ထုတ်တင်ပြ၍ လူထုကိုအသိပေးသင့်သည်မှာ သတင်းကျင့်ဝတ်ကိုနားလည်သော သတင်းသမားကောင်းတို့၏တာဝန်ဖြစ်သည်။ ထိုသို့မလုပ်ပဲ ယခုပုံစံသာသွားနေကြပါက နအဖ၏ လက်ပါးစေသတင်းဋ္ဌာနများနှင့် အတူတူသာဖြစ်နေလိမ့်မည်။ သတင်းသမားများအနေဖြင့်ဘက်မရှိ သင့်ပဲ အမှန်ကိုအမှန်လေ့လာဖေါ်ထုတ်၍လူထုကို အသိပေးရန်တာဝန်ရှိသည်။ ငွေရရန်လုပ်နေကြ သောသတင်းသမားများဆိုလျှင်တောင်မှ မိမိရယူထားသောလခအတွက် ထိုသို့လုပ်ရန်တာဝန်ရှိ၏။

ဂေါင်းရှောင်များအနေဖြင့် လက်မှတ်ထိုးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုပိုဒုက္ခရောက်အောင်တွန်းပို့ပြီး နောက်တွင် အခုတခါ အိုင်စီစီအော်နေကြပြန်ပြီဖြစ်သည်။ အိုင်စီစီကိုသာတကယ်လုပ်နိုင်လျှင် ကောင်းမည်ဖြစ်သည်။ အိုင်စီစီအနေဖြင့် နအဖတွင်သာမကပဲ တော်လှန်ရေးဘက်မှ လူ့အခွင့်အရေး ချိုးဖေါက်မှုများကိုလည်းမျက်စိပိတ်ထားလိမ့်မည်ဟု ယူဆကြလျှင်တော့မှားမည်ဖြစ်သည်။ ကလေး စစ်သားကိစ္စ၊ ကချင်ပြည်နယ်ရှိသတ်ဖြတ်မှုကိစ္စ၊ အခြားလူ့အခွင့်အရေးချိုးဖေါက်မှုကိစ္စနှင့် ယခင်နိုင် အောင်ဘက်မှရှိခဲ့သောစစ်ကြောရေးစခန်းများကိစ္စတို့ကိုလည်း အိုင်စီစီကလုပ်ရလိမ့်မည်ဖြစ်သည်။ ထိုသို့လုပ်လျှင်ကော မည်မျှပူးပေါင်းဆောင်ရွက်မှုပေးကြပါမည်နည်း။ ရှေ့နေအစစ်မဟုတ်ပဲရှေ့ နေ ယောင်ဆောင်နေသူအနေဖြင့်လည်း လေ့လာသင့်သည်။ မိမိလက်များကကောစွန်းနေသောသွေးများ ဆေးကြောထားပြီလောဆိုသည်ကို ကြည့်၍သတ္တိရှိရှိလုပ်သင့်သည်။ တကယ်ရဲရဲဝန့်ဝန့်လုပ်ရဲကြ လျှင်တော့ ကောင်းမည်ဖြစ်သည်။ ရဲဝန့်သည့်သတ္တိဆို၍ အချို့ရှေ့နေများက ယုံကြည်ချက်အတွက် အသက်ပေးရန်ဝန်မလေးတတ်ကြ။ ထိုင်းနိုင်ငံမွတ်ဆလင်များကိစ္စကိုလိုက်ပါပေးခဲ့သောရှေ့နေအနေ ဖြင့် အသတ်ခံရမည်ကိုသိလျှက်နှင့် သူ့ရပ်တည်ချက်အတွက် ရဲရဲဝန့်ဝန့်လုပ်ခဲ့သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှေ့နေအယောင်ဆောင်ကြီးကတော့ ဘန်ကောက်တွင် အိုင်စီစီကိစ္စအစည်းအ ဝေးတွင် ရန်သူထောက်လှမ်းရေးထိုးဖေါက်ဝင်လာသည်ဆိုကာ မျက်ဖြူလန်နေကြောက်သွေးကန်နေခဲ့ သည်မှာ ပါခဲ့သည့်သူများအားလုံးအသိပင်ဖြစ်သည်။ အမှန်တရားအတွက် အလွန်မားမားမတ်မတ်ရပ် တည်မည့်ပုဂ္ဂိုလ်ကြီးဖြစ်ပေသည်။ ဘန်ကောက်တွင် သူ့အားမည်သူမျှလာသတ်မည်မဟုတ်သည်ကို သိနိုင်ရက်နှင့် ကြောက်သေးပါခဲ့သည်။ ရောင်မှားပြီး သူတို့ဘာသာလုံခြုံရေးအတွက်ခေါ်ထားခဲ့သော ထိုင်းထောက်လှမ်းရေးများကို ဗမာထောက်လှမ်းရေးများထင်ပြီး မောင်းထုတ်ခဲ့သည်။ တော်လေစွ။

ခေါင်းဆောင်မှုဆိုသည်မှာ နေရာနှင့်ထင်ပေါ်ကြော်ကြားမှုချည်းသာလာသည်မဟုတ်ပါ။ ထိုနေရာနှင့် ထိုက်တန်သောစွန့်လွှတ်အနစ်နာခံမှု၊ တာဝန်ရှိမှုများနှင့် လုပ်ဆောင်ရန်လိုအပ်မှုများလည်း အတူတ ကွဒွန်တွဲပါလာလေ့ရှိသည်။ ကျွန်တော်တို့တော်လှန်ရေးမှ လက်ရှိရှိနေသော မည်သူများထိုအရည် အချင်းများနှင့်ပြည့်စုံကြပါသနည်း။

No comments: