Tuesday, September 1, 2009

NORTH KOREA SMUGGLE- WEAPONARY SHIP NABBED BY UAE


အီရန်နိုင်ငံအတွက် လက်နက်များ တင်ဆောင်လာသည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်းကို အာရပ်စော်ဘွားများနိုင်ငံ (UAE)မှ ကြားဖြတ်ဖမ်းဆီးထားလိုက်ကြောင်း သိရသည်။ ယွန်ဟပ်သတင်းဌာနက UAEအစိုးရသည် ကုလသမဂ္ဂမှ တားမြစ်ကန့်သတ်ထားသည့် လက်နက်များ သယ်ဆောင်လာမှုကြောင့် မြောက်ကိုရီးယား ရေယာဉ်ကို ဖမ်းဆီးခဲ့ခြင်းဟု ဩဂုတ်လ (၂၉)ရက်နေ့က ကြေညာခဲ့သည်။ တောင်ကိုရီးယား အာဏာပိုင်များကမူ ယခုသတင်းအတွက် အသေးစိတ် မှတ်ချက်မပေးလိုကြောင်း ငြင်းဆန်ထားသည်။
UAE၏ ဖမ်းဆီးမှုသည် အနုမြူဗုံး စမ်းသပ်ဖောက်ခွဲမှုနှင့် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများ အပါအ၀င် ထင်ရာစိုင်း လုပ်ဆောင်ချက်များကြောင့် ကမ္ဘာ့နိုင်ငံများနှင့် မြောက်ကိုရီးယားကြား တင်းမာမှု အမြင့်မားဆုံး ဖြစ်နေချိန်တွင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ခံ ပုဂ္ဂိုလ်တစ်ဦးက “ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုဆိုင်ရာ ကော်မတီက ရေယာဉ်ဖမ်းဆီးထားတာနဲ့ ပတ်သတ်ပြီး ကြေညာချက် မထုတ်သေးသ၍ ကျွန်တော်တို့ ဘာမှတ်ချက်မှ ပေးမှာမဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။ “UAEအစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လက်အောက်ခံ ပိတ်ဆို့ရေးကော်မတီက အီရန်ဘက်ကို ဦးတည်ပြီး ခုတ်မောင်းသွားတဲ့ မြောက်ကိုရီးယား သင်္ဘောကို တားထားဖို့ မေတ္တာရပ်ခံတာကို ဆောင်ရွက်ပေးခဲ့ရုံပါ”ဟုလည်း ကုလသမဂ္ဂမှ ပြောကြားခဲ့သည်။ ကုလသမဂ္ဂသည် (၂၀၀၆)ခုနှစ်ကတကြိမ်၊ ယခုနှစ် မေလအတွင်းကတကြိမ် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သော မြောက်ကိုရီးယားအား တားဆီးပိတ်ဆို့မှုများ ပြုလုပ်ထားပြီး ပင်လယ်ရပ်ခြား တိုင်းပြည်များသို့ လက်နက်များ တင်ပို့မှုမရှိစေရန် မြောက်ကိုရီးယား ရေယာဉ်များကို တားမြစ်စစ်ဆေးရန် ညွှန်ကြားထားသည်။ ပိတ်ဆို့ရေး ကော်မတီသည် ယခုရေယာဉ်ကိစ္စနှင့် ပတ်သတ်ပြီး ဆွေးနွေးခြင်းတစ်ခုအား မကြာမီ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments: