Wednesday, July 28, 2010

ORTH KOREA HAS BEEN SELLING MISSILES TO BIN


Wikileaksက ဇူလိုင်လ (၂၅)ရက်နေ့တွင် ထုတ်ပြန်လိုက်သော ထောက်လှမ်းရေး အစီရင်ခံစာအတွင်း မြောက်ကိုရီးယားသည် ကမ္ဘာ့အကြမ်းဖက် အဖွဲ့အစည်းများသို့ ဒုံးကျည်များ ရောင်းချခဲ့ကြောင်း စွပ်စွဲဖော်ပြခဲ့သည်။ အာဖဂန်မှ ဩဇာကြီးမားသည့် စစ်သွေးကြွ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အကြမ်းဖက် ခေါင်းဆောင်ကြီး အိုစမာ ဘင်လာဒင်၏ ငွေကြေးဆိုင်ရာ အကြံပေး တာဝန်ခံဟု ယူဆရသူ တစ်ဦးသည် (၂၀၀၅)ခုနှစ်အတွင်း မြောက်ကိုရီးယား အာဏာပိုင်များနှင့် ဆက်သွယ်ကာ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ၀ယ်ယူခဲ့ကြောင်း Wikileaksက ဖော်ပြထားသည်။ “(၂၀၀၅)ခုနှစ်၊ နိုဝင်ဘာ (၁၉)ရက်နေ့တွင် ဟက်ဇ်ဘ်-အစ္စလာမီပါတီ အကြီးအကဲ ဂူလ်ဘူဒင် ဟက်မက်တရာနှင့် ဘင်လာဒင်၏ ငွေကြေးဆိုင်ရာ အကြံပေး တာဝန်ခံ ဒေါက်တာအမင်တို့သည် မြောက်ကိုရီးယားသို့ အီရန်မှတဆင့် အရောက်သွားခဲ့သည်”ဟု အဆိုပါ ဖော်ပြချက်တွင် ပါရှိသည်။ မြောက်ကိုရီးယားသည် အဝေးထိန်းစနစ်ဖြင့် ပစ်ခတ်နိုင်သည့် ဒုံးကျည်လက်နက်များကို စစ်သွေးကြွများထံသို့ ရောင်းချခဲ့သော်လည်း ထိုလက်နက်များကို မည်သည့်နိုင်ငံတွင် ထုတ်လုပ်သည်ကိုမူ တိတိကျကျ မသိရဟုလည်း Wikileaksက ဖော်ပြခဲ့သည်။ ထောက်လှမ်းရေး အစီရင်ခံစာများကို အခြေခံထားသည့် အဆိုပါ ကြေညာချက်က နောက်ထပ်(၁၈)လအကြာတွင် အာဖဂန်နစ္စတန်၌ အမေရိကန်၏ Chinook စစ်ရဟတ်ယာဉ်တစ်စင်း ဒုံးကျည်ဖြင့် ပစ်ချခံရမှုသည် အဆိုပါ အရောင်းအ၀ယ်နှင့် ဆက်စပ်နေဖွယ်ရှိကြောင်း ရေးသားထားသည်။ Wikileaksက ဘင်လာဒင်၏ ငွေကြေးဆိုင်ရာ အကြံပေး တာဝန်ခံဟုဆိုသည့် ဒေါက်တာအမင်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ထောက်လှမ်းရန် ခက်ခဲနေဆဲဟုဆိုသည်။ ကိုရီးယား ရေလက်ကြား မြောက်ပိုင်းရှိ ကွန်မြူနစ် နိုင်ငံသည် ဘင်လာဒင်၏ ကမ္ဘာ့ရန်ဖြစ်သည့် အမေရိကန်နှင့် ခါးသီးသော ဆက်ဆံရေးများ တည်ရှိနေပြီး ယခုအခါ မြောက်ကိုရီးယား၏ နိုင်ငံရေးပြိုင်ဖက် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

No comments: