Friday, August 27, 2010

ကြားနေရမယ့်အချိန် ရောက်ပလား?


ကြားနေရမယ့်အချိန် ရောက်ပလား?



မီဒီယာသမားတွေကို ရဲဘော်ကျော်သန်း ဝေဖန်လိုက်လို့ မီဒီယာသမားဖြစ်တဲ့ ကိုမောင်မောင် မြင့်က တုံ့ပြန်ဝေဖန်တာတွေ ဖတ်လိုက်ရပါတယ်။ ကျွန်တော်ကတော့ ဟိုလူတော် ဒီလူတော်ပြောပြီး ကြားက မင်္ဂလာယူတတ်သူမဟုတ်တဲ့အတွက် ကျွန်တော့အတွေ့အကြုံကို တင်ပြမယ်၊ ကျွန်တော် ကတော့ လူမိုက်လို့ဘဲ ပြောရမလား ကိုယ့်ကမှားနေတယ်ထင်တာကို အားမနာတမ်း ပြောတတ်လို့ သူငယ်ချင်းတွေက ကျောင်းနေစဉ်က “တစောက်ကမ်း” ဆိုတဲ့ ဘွဲ့ကို ပေးခဲ့ကြပါတယ်။ အဓိကတော့ ကိုယ်တင်ပြချက်တွေဟာ ကိုယ်ကျိုးမဖက်ဘို့ လိုပါတယ်။ ဒီမီဒီယာဆိုတာ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးလို့ နိုင်ငံရေးသမားတွေက ယုံကြည်ကြပါတယ်။ မီဒီယာကို သုံးတတ်ရင် မီဒီယာရဲ့ပံ့ပိုးမှုနဲ့ ရွေးကောက်ပွဲတွေမှာ ပြိုင်ဘက်ကို အနိုင်ရတတ်သလို မီဒီယာကို မသုံးတတ်ရင် ချီးသေးကအစ မကောင်းတာမှန်သမျှ အညှိုးနဲ့ ပုပ်ချတာကို ခံရပြီး ကိုယ်ကျိုးနဲတတ်ပါတယ်။



မြန်မာနိုင်ငံလို စစ်အာဏာရှင်စံနစ်အောက်မှာ နှစ်ပေါင်းများစွာရောက်နေတဲ့ ပြည်သူတွေဟာ မဆလ၊ နဝတ၊ နအဖအစဉ်အဆက် ပြည်သူပိုင် (၎င်းတို့ပိုင်) လုပ်ထားတယ်ဆိုတဲ့ မီဒီယာရဲ့ နားမုဒိမ်း ကျင့်နေတာကို နေ့စဉ်နဲ့အမျှခံနေကြရပါတယ်။ ငါတို့အစိုးရလုပ်တာ အကုန်မှန်တယ်၊ ဒါတို့ ခေါင်းဆောင်ကြီးများ တိုင်းပြည်ကို စည်းကမ်းရှိစွာ ပြုပြင်နေတယ်။ တံတားတွေ ဆောက်နေတယ်၊ လမ်တွေခင်းနေတယ်၊ အနှစ်သာရရှိသော ခေါင်းဆောင်ကြီး၏ မိန့်ခွန်း၊ အတိုက်အခံ ပြည်ပပုဆိန် ရိုးများ ကျဆုံးရမည် စသည်ဖြင့် တွင်တွင်ကြီး မျက်စိမုဒိမ်း၊ နားမုဒိမ်း နေ့စဉ်ကျင့်နေသည့် အသုံး တော်ခံ မီဒီယာများကို တန်ပြန်နိုင်ရန် ပြည်သူ့အကျိုးပြု မီဒီယာများလိုအပ်ပါသည်။ ၈၈ နောက်ပိုင်း RFA နှင့် DVB တို့သည် ဒီမိုကရေစီအရေးကို စောင်းပေးမည့် သတင်းမီဒီယာများအဖြစ် ထွက်ပေါ်လာ သည်မှာ ကျွန်ုပ်တို့အားလုံးအတွက် အားတက်စရာပါ။



ဒီမိုကရတစ်မြန်မာ့အသံ (DVB) သည် NCGUB နှင့် နော်ဝေးနိုင်ငံတို့ ပူးပေါင်းညှိုနှိုင်း လုပ်ဆောင်မှုဖြင့် ပေါ်ပေါက်လာသော အသံလွင့်ဋ္ဌာနဖြစ်သလို Radio Free Asia လွတ်လပ်သော အာရှအသံ သည်လည်း အမေရိကအစိုးရကွန်ဂရက် ထောက်ပံ့မှုဖြင့် အာရှတိုက် ဒီမိုကရေစီထွန်းကား လာရေးအတွက် ရည်မှန်းချက်ဖြင့် ပေါ်ပေါက်လာသော ဋ္ဌာနများဖြစ်ပါသည်။ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း NCGUB အစိုးရကို ဝေဖန်ခဲ့ပြီးနောက် ဆရာကြီး၏ သတင်းဆောင်းပါးများ၊ တွေ့ဆုံးဆွေးနွေးခန်းများကို DVB မှ ရပ်ဆိုင်းလိုက်ပါသည်။ ဆရာကြီးမသေမှီ ကျွန်တော့ကို ရင်ဖွင့် သွားခဲ့သဖြင့် သိရှိရပါသည်။ ဆရာကတော် အသက်ရှင်နေပါသေးသည်၊ မေးကြည့်နိုင်ပါသည်။



DVB တွင် ခင်မောင်ဝင်းကို NCGUB မှ ထောက်ခံမှုဖြင့် ခန့်အပ်လိုက်ပြီးနောက် DVB သည် ခင်မောင်ဝင်း ပိတ်ပင်ထားသောသူများကို တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်တော့ဘဲ ပိတ်ပင်ထား ခဲ့သည်ကို ထင်ရှားစွာတွေ့ရသည်။ နောက်ဆုံး DVB သည် ဘက်မလိုက် အသံလွှင့်ဋ္ဌာနဖြစ်သည်ဟု ဗြောင်ကြေငြာလာပြီး NCGUB နှင့် လုံးဝ မသက်ဆိုင်တော့ကြောင်း၊ ဘက်မလိုက်ရပ်တည်မည် ဖြစ်ကြောင်း တရားဝင် ပြောကြားသည်အထိ ဖြစ်လာခဲ့သည်။ ကျွန်တော့အမြင်မှာ DVB သည် ဒီမိုကရေစီဘက်မှ ထုတ်လွှင့်သော အသံလွှင့်ဋ္ဌာနဖြစ်သည်၊ ကြားနေမဟုတ်၊ ဒီမိုကရေစီ အင်အား စုတို့ဘက်မှ လိုက်၍ အသံလွှင်ရမည့် တာဝန်ရှိသည်။ ဘက်မလိုက် မီဒီယာဟု အစကဆိုလျှင် ၎င်းတို့ကို မည်သူမျှ အလုပ်ခန့်မည်မဟုတ်ချေ။ ကျွန်တော့အမြင်သည် ခင်မောင်ဝင်းသည် ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်တယောက်ဖြစ်သည်။ တော်လှန်ရေးသမားဟု အမည်ခံယူခဲ့သူဖြစ်သည်။ DVB တွင် သူ့လက် သူ့ခြေ ဖြစ်လာသည့်အခါမှ ဘက်မလိုက်သတင်းသမားဟု ဟစ်ကြွေးသည်မှာ သူ့သရုပ်ကို ဖေါ်ပြခြင်းပင်ဖြစ်သည်။ အစက တည်းက စစ်အစိုးရကို ဆန့်ကျင်လာသူဟု ဆိုသူက မီဒီယာသမားအဖြစ် ကောင်းစားလာသောအခါ ယ္ခင်တော်လှန်ရေးသမားဘဝကို မေ့ပြီး ကြားနေ မီဒီယာလုပ်ခြင်းသည် တော်လှန်ရေးကို သစ္စာဖောက်၍ ကိုယ်ကျိုးရှာခြင်းပင်ဖြစ်သည်။



ABSDF ဗဟို ကော်မီတီတွင် ပြန်ကြားရေးတာဝန်ခံလုပ်ပြီး ညီလာခံတွင် မည်သည့် အလုပ်ကိုမှ တင်ပြနိုင်ခြင်းမရှိဘဲနှင့် ကျွန်တော်ရေးသားပြီး နှုတ်ခမ်းမွှေး အောင်သန်းမှ ရိုက်နှိပ် ဖြန့်ချီသည့် “နီကာရာဂွါ ရွေးကောက်ပွဲ” “ဖီလစ်ပိုင်ရွေးကောက်ပွဲ” စသည့် ဆောင်းပါးများကို ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မှီ ပုံနှိပ်၍ ပြည်တွင်းသို့ ABSDF ပြန်ကြားရေးဋ္ဌာန အမည်ခံပြီး ဖြန့်ချီပေးခဲ့ခြင်းကို ၎င်းဋ္ဌာနမှ လုပ်ပါသည်ဟု ဗြောင်လိမ်ခဲ့သူဖြစ်သည်။ တဖန် တတိယအကြိမ် ညီလာခံမှ မှတ်တမ်း များကို၊ တိတ်ခွေများကို ပြန်ကြားရေး တာဝန်ခံအဖြစ် သိမ်းဆည်းသည့်အခါ “ဒါတွေက တနေ့ ရွှေတွေဗျ” ဟု ပြောသူမှာလည်း ခင်မောင်ဝင်းပင်ဖြစ်သည်။



ကျွန်တော့အနေနှင့် မီဒီယာသမားအားလုံးကို မဆိုလိုပါ။ မီဒီယာသမားများထဲတွင် အခွင့် အရေးသမားများ၊ ရန်သူ့ပုဆိန်ရိုးများကို သတိထားရမည်၊ သူ့လူကိုယ့်ဘက်သမားများကို ပညာမျက်စိ ဖြင့် ကြည့်တတ်ရမည်ဟု သတိပေးလိုပါသည်။



ကျွန်တော်တို့ ပြင်ပရှိ မီဒီယာများတွင် လွတ်လပ်မှု အပြည့်ရှိပါသည်၊ မည်သူ့ကိုမျှ ကြောက်လန့် နေစရာမရှိ၊ အစိုးရမှ ပြည်တွင်း မီဒီယာများကို ထိမ်းချုပ်၍ မလွယ်၊ ထိုကြောင့် BBC, VOA, RFA ညာနေသည်၊ မိုးလုံးပြည့် မုသာဝါဒီများ စသည်ဖြင့် နအဖက တိုက်ခိုက်လာပါသည်။ ကျွန်တော့ အနေနှင့် နအဖနေရာမှ နေ၍ စဉ်းစားလျှင် ၎င်းပြည်ပမီဒီယာများကို ဘယ်လို နှုတ်ပိတ်အောက် လုပ်မလဲဆိုလျှင် ပြည်တွင်းကဲ့သို့ အာဏာသုံး၍မရဖြင့် ဥပါယ်တမျဉ်ဖြင့် မိမိလူများကို မီဒီယာထဲသို့ သွတ်သွင်းပေးရမည်ဟု ဆုံးဖြတ်ရမည်ဖြစ်သည်။ ကျွန်တော် တက္ကသိုလ် ကျောင်းသားဘဝ ၁၉၇၃ ခုနှစ်လောက်က ကျွန်တော့သူငယ်ချင်းအိမ်တွင် အင်္ဂလိပ်စာကျူရှင်ပေးသည့် ကရင်ကျောင်းဆရာ တယောက်ရှိပါသည်။ တနေ့တွင် ၎င်းက ဝမ်းသာအားရနှင့် သူ့ကို BBC တွင် တာဝန်ထမ်းဆောင်ရန် အရွေးခံရကြောင်း ပြောသဖြင့် ဝမ်းသာမိကြပါသည်။ ထိုသူသည် ရိုးသား၍ ကြိုးစားသော မြန်မာ- အင်္ဂလိပ်နှစ်ဘာသာကို ကြေညက်သောသူဖြစ်သည်။ အသံလွှင့်သမားကောင်း တယောက်ဖြစ်နိုင်သည့် အသံသြဇာနှင့်လည်း ပြည့်စုံပါသည်။ သို့ရာတွင် နောင်သုံးလအကြာ ၎င်းအတွက် ပတ်စပို့ ဗီဇာစောင့်နေစဉ် Reject လုပ်ခံရပါတယ်။ အကြောင်းမှာ မြန်မာအစိုးရက ၎င်းသည် ကွန်မြူနစ်စံနစ် ယုံကြည်သူတဦးဖြစ်သည်ဟုဆိုကာ သတင်းပေးသောကြောင့်ဟု သိရပါ သည်။ BBC မှ အစိုးရ ထောက်ခံသူတယောက်ကို ရွေးယူသွားခဲ့ပါသည်။



နောက်တချက်မှာ VOA တွင် အလုပ်လုပ်ခဲ့သူ ဝန်ထမ်းတဦးမှ ကျွန်တော့အား သူ့အမည်ကို မပြောရန် ဂတိခံ၍ ပြောကြာခဲ့မှုဖြစ်ပါသည်။ ၎င်းအား တနေ့တွင် VOA မှ တာဝန်ရှိသူက နေ့လည် ထမင်းစားခေါ်ယူခဲ့ပြီး၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တဦးနှင့် ပေးတွေခဲ့သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ၎င်းအား “အေး... မင်းရေးချင်တာရေး အသံလွှင့်ချင်တာလွှင့်ပေါ့ကွာ၊ ဒါပေမဲ့ ငါတို့ထိခိုက်မယ်ဆိုတဲ့ ဟာမျိုးကို ပေါ့ပြီးလွှင့်၊ အရေးကြီးတာကို အရေးမကြီးသလိုမျိုးပေါ့ကွာ၊ နားလည်တယ်မဟုတ်လားဟု ပြောခဲ့ကြောင်း၊ နောက် မင်းလဲတနေ့ မြန်မာပြည်ကို ပြန်မှာဘဲ လိမ်လိမ်မာမာ လုပ်ပေါ့ကွာ” ဟု ဆုံးမသွားသေးကြောင်း ရင်ဖွင့်ခဲ့ပါသည်။ သူ့အနေနှင့် ဋ္ဌာနမှုး (ယ္ခုဋ္ဌာနမှုးမဟုတ်) က ယ္ခုလို သံအမတ်ကြီးနှင့် ရင်းနှီးကြွမ်းဝင်ကြောင်း တွေ့ရ သဖြင့် Shock ရှော့ဖြစ်သွားသည်ဟု ဆိုပါသည်။



ထို့ကြောင့် သတင်းဋ္ဌာန အထူးသဖြင့် မြန်မာပြည်သူ သန်း ၅၀ ကျော်ကို တချိန်တည်း သတင်း ပေးနိုင်သော ရေဒီယို အသံလွှင့်ဋ္ဌာနများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့် အနေအထား တွင် ရှိပါသည်။ BBC, VOA, တို့သည် အစကနဦးတည်းက ဘက်မလိုက်သတင်းဋ္ဌာနများဖြစ်သည်။ VOA သည် အမေရိကန် အစိုးရပေါ်လစီဘက်သို့ ယိမ်းရသည်ကို မငြင်းနိုင်ချေ။ RFA, DVB တို့သည် ဘက်လိုက်ကိုလိုက်ရမည်ဟု မြင်သည်။ ဘက်မလိုက်လိုလျှင် RFA, DVB မှ ထွက်ပြီး BBC, VOA သို့ ဝင်ကြပါဟု တိုက်တွန်းလိုသည်။ ဘက်မလိုက် ကိုယ်ပိုင်ထောင်လိုက ထောင်ကြပါ။ DVB, RFA နာမည်ခံပြီးတော့ စစ်အာရှင်များကို တန်းတူအားပေးမှု မပြုသင့်ဟု ယုံကြည်သည်။ ရန်သူသည် ပြင်ပသတင်းဋ္ဌာနများကို အင်အားသုံး၍ မထိမ်းချုပ်နိုင်လျှင် အနုနည်းဖြင့် အတွင်းလူများထည့်ပြီး လှိုက်စားနိုင်သည် လှိုက်စားနေသည်ကို မျက်စိဒေါက်ထောက်ကြည့်ဘို့လိုသည်ဟု သတိပေးလိုက် ချင်ပါသည်။



နိဂုံအားဖြင့် ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်နှင့် ဂျာမန်တိုက်နေစဉ် အင်္ဂလိပ်ဘက်မှ အသံလွှင့်သူ များကလည်း မည်ကဲ့သို့ အောင်ပွဲခံနေသည်၊ ရန်သူမည်မျှကျဆုံးသည်ကို ပြောနေ သကဲ့သို့ ဂျာမန်မှလည်း ထိုနည်းတူပြောလျက် ဝါဒဖြန့်ချီကြသည်။ ယနေ့မြန်မာပြည်သည်၊ ပြည်သူ လူထုနှင့် စစ်အာဏာရှင်တို့ စစ်ဖြစ်နေသည့်ပွဲဖြစ်သည်။ စစ်ပွဲမပြီးသေး၊ ကျွန်တော်တို့ အနေနှင့် စစ်အာဏာ ရှင်များကို တန်းတူအခွင့်အရေးပေးစရာမလိုဟု လုံးဝယုံကြည်သည်။ ရန်သူ့လူများ မီဒီယာသမားများ ထဲတွင် ဝင်ရောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲဟု ယုံကြည်သည်။ ဒီမိုကရေစီ ရရှိရေးကို လိုလား သူများပီပီ အတိုက်အခံနိုင်ငံရေးသမားများကို ဇောင်းပေး၍ ၎င်းတို့အသံကို ဖော်ထုတ်ပေးနိုင် ဘို့လိုသည်။ ပုဂ္ဂိုလ်ရေးများဖြင့် ဆင်ဆာလုပ် ပိတ်ပင်နေခြင်းမျိုးကို ခွင့်မလွှတ်သင့်ဟု ယုံကြည် ပါသည်။ ဒါကြောင့် ကြားနေရမဲ့ အချိန်ရောက်ပြီလားမောင်တို့ဟု မေးလိုက်ပါကြောင်း။



ထွန်းအောင်ကျော်

No comments: