Thursday, May 20, 2010
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ (နအဖ ဥပဒေ အမှတ် - ၁/ ၂၀၁၀) ကို ဝေဖန်သုံးသပ်ခြင်း
ဦးမျိုး (ဥပဒေ) / ၁၉ မေလ ၂၀၁၀
မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ရွေးကောက်ပွဲဥပဒေမှာ (၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် - ၆၅ ) “၁၉၄၈ ခုနှစ် ပါလီမန်ရွေးကောက်ပွဲအက်ဥပဒေ” ဖြစ်သည်။ တဆက်တည်း ပါလီမန်ရွေးကောက်ပွဲနည်းဥပဒေများကိုလည်း ပြဋ္ဌာန်းပြီး ကျင်းပခဲ့ပါသည်။ သို့သော် ယခုကဲ့သို့ တပြည်ထောင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်ပါရှိသော အမျိုးသားလွှတ်တော်တွင် (၂၂၄) ဦးအနက် ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်သော စစ်သားကိုယ်စားလှယ် (၅၆) ဦးနေရာနှင့် ပြည်သူ့လွှတ်တော်တွင် (၄၄၀) ဦးအနက် ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်သော စစ်သားကိုယ်စားလှယ် (၁၁၀) ဦး နေရာတို့ကို ကြိုတင်သတ်မှတ်ထားခဲ့ခြင်းမျိုး မရှိပါ။ မဲပေးခြင်းဆိုင်ရာမူကို ချိုးဖောက်ပြီး နေရာရယူ သတ်မှတ်ထားခြင်းမျိုးကို အလျဉ်းမတွေ့ရပါ။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁ တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်နှင့် ဥပဒေပြုကဏ္ဍ အဆင့်အသီးသီးတို့တွင် တပ်မတော်သား (၂၅) ရာခိုင်နှုန်း ပါဝင်စေရန် နေရာကြိုတင်သတ်မှတ်ထားခြင်းမျိုးလည်း လုံးဝမပါရှိပါ။ တပြည်ထောင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် စရွေးကိုက် အံဝင်ခွင်ကျဖြစ်စေရန် ပြဋ္ဌာန်းလာသည့် နအဖ ဥပဒေ အမှတ် ၁/၂၀၁၀ ရွေးကောက်ပွဲကော်မရှင် ဥပဒေ၏ ဘက်လိုက်မှု မတရားမှုအားလုံးကို ဖော်ထုတ်ရန် လိုအပ်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ - ၂၀၁ ပါ (က) မှ (ဍ) အထိ သမ္မတ၊ ဒုသမ္မတ၊ ဒုသမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ စုစုပေါင်း (၁၁) ဦးစလုံးမှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်မည့် စစ်အုပ်စု ဗိုလ်ချုပ်ကြီးများသာဖြစ်ကြောင်း တွေ့ရပါသည်။ ထို (၁၁) ဦး၏ အမည်စာရင်းကို ရွေးကောက်တင်မြှောက်ခြင်း မပြုမီကပင် နေပြည်တော်တွင် စာရင်းထွက်ပြီးသားရှိပါသည်။ (၁၁) ဦး စစ်အုပ်စုက စိတ်ကြိုက် ခေါင်းစဉ်လိုက်ရွေးချယ်သွားမည့် ကော်မရှင်ဥပဒေကို ၉.၃.၂၀၁၀ နေ့စွဲဖြင့် ထုတ်ပြန်လာပါသည်။ သမိုင်းကို မအအောင် (ငတုံး ငအ) မဖြစ်အောင် သင်ကြားထားပြီးသော တိုက်ပွဲဝင်ပြည်သူများအနေဖြင့် မတရားသည့် အမိန့်အာဏာမှန်သမျှ ဆန့်ကျင်တိုက်ဖျက်ပစ်ရန် လိုပါသည်။
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ - ၄၄၃ (ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်။) နှင့်အညီ ပြဋ္ဌာန်းသည်ဟုလည်း ဖော်ပြထားသည်။ နအဖကောင်စီကို သော်လည်းကောင်း၊ နအဖကောင်စီ၏ လုပ်ငန်းရပ်များကိုသော်လည်းကောင်း ၂၀၀၈ အခြေခံဥပဒေထဲတွင် ကြိုတင်ပြင်ဆင် ထည့်သွင်းထားခြင်းကိုယ်နှိုက်က မတရားဘက်လိုက်မှုကို ကြီးကြီးမားမား လုပ်ဆောင်သွားမည်ဟု စိန်ခေါ်ထားကြောင်း တွေ့ရသည်။ သွားလေသူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ပြောခဲ့သည့် သူတို့အစိုးရဟာ တဆက်တည်း အုပ်ချုပ်သွားမည့် အစိုးရဖြစ်ကြောင်း ပြောခဲ့သည့် စကားအတိုင်း အမှန်တကယ် လုပ်ချလိုက်ခြင်းဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်း တွေ့ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ဗြောင်လိမ်စရာ မလိုအပ်တော့။ ယခု နအဖစစ်အစိုးရသည် ၂၀၁၀ နအဖစစ်အစိုးရသာဖြစ်ကြောင်းကို ပြည်သူတွေက မျောက်လောင်း မျောက်လောင်းပါပဲဗျာ ပြောကုန်ကြပြီ။
ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ထုတ်ပြန်သည်က နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းပေးသည်က နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦး။ ကော်မရှင်အဖွဲ့ဝင်တဦးချင်းကို စစ်ဆေးကြည့်လိုက်ပါက ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် အဖွဲ့ဝင် (၄၅) ဦးထဲမှာ ပါဝင်ခဲ့သည့် လခစားဝန်ထမ်းများသာ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ၎င်းပုဂ္ဂိုလ်အားလုံးမှာ နအဖနှင့် ကြံ့ဖွံ့ မတော်မတရားလုပ်ခဲ့သည့် အမှုတိုင်းလိုလိုမှာ ပါဝင်ခဲ့သည့် နာမည်ပျက်နှင့် ကျော်ကြားသော လူမရိုသေ ရှင်မရိုသေ လူမသိသူမသိ လခစား မင်းတိုင်းကျေများသာဖြစ်ကြောင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သိကြပါသည်။ ယခုကော်မရှင်ဥပဒေ (၁/၂၀၁၀) ပုဒ်မ - ၄ (ခ) တွင် “ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ယူဆသူဖြစ်ရမည်” ဟု ပေါ်လွင်စွာ ဖော်ပြထားသည်။ နအဖ စစ်ကောင်စီက ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် ယူဆသူများသာဖြစ်ရမည် ဆိုသောကြောင့် နအဖဘက် ဘက်လိုက်သူများသာ ဖြစ်နေပါသည်။ ဘက်လိုက်မှုကြီးစွာ တရားမျှတမှုကင်းမဲ့စွာဖြင့် ရွေးကောက်ပွဲ ကန်လန့်ကာရှေ့ ထွက်ပြလာပါသည်။
ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ- ၄ (စ) အရ “ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လစာ၊ စရိတ်၊ ကြေးငွေရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်းမပြုသူ ဖြစ်ရမည်” ဟု ဖော်ပြထားပါသည်။ အခြားရာထူးဆိုသည်မှာ ကော်မရှင်ရာထူးမှလွဲ၍ မည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုရသူသာ ဖြစ်ရပါမည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး အပါအ၀င် ကော်မရှင်အဖွဲ့ဝင်အားလုံးမှာ အစိုးရ၀န်ထမ်းဘ၀မှ ထွက်နှင့်ပြီးသားဖြစ်ရပါမည်။ သို့မဟုတ်ပါက နိုင်ငံရေးနှင့် ကင်းရှင်းသူ၊ နိုင်ငံရေးပါတီဝင်မဟုတ်သူ ဖြစ်ရမည်ဆိုသော ဤဥပဒေ ပုဒ်မ - ၄ (င) ကို ချိုးဖောက်နေသူများဖြစ်၍ ကော်မရှင်တဖွဲ့လုံး ဥပဒေချိုးဖောက်သူများအဖြစ် ရာဇ၀တ်ကောင်များကဲ့သို့ နိုင်ငံတကာမြင်ကွင်းတွင် ကြည့်မကောင်း မြင်မကောင်း အမြင်မတော်ဖြစ်နေသည်။
ဤကော်မရှင် ဥပဒေပုဒ်မ - ၂ (စ) တွင် “ကော်မရှင်ဆိုသည်မှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရေးအတွက်လည်းကောင်း ဤဥပဒေနှင့်အညီ ဖွဲ့စည်းသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဆိုသည်” ဟု ဖော်ပြထားပြီး ဤဥပဒေ ပုဒ်မ-၈ တွင် ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ပုဒ်မ ၈ (ဋ) တွင် “နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်းနှင့် လမ်းညွှန်ခြင်း” ဟု ထပ်ဆင့်ပြဋ္ဌာန်းထားပြန်သည်။
ရွေးကောက်ပွဲကော်မရှင်မှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းရပ်များတွင်သာ တခုတည်းသော တာဝန်ရှိပါသည်။ နိုင်ငံရေးပါတီများနှင့် လုံးဝကင်းရှင်းနေရမည်ဖြစ်ပြီး ပါတီနိုင်ငံရေးထဲတွင် ပါဝင်ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်းများ လုပ်ရသည့် အဖွဲ့မျိုးမဟုတ်ပါ။ ဘက်လိုက်မှု လုံးဝကင်းရှင်းနိုင်ရန် ဥပဒေအရပင် တားမြစ်ပိတ်ပင်ထားလေ့ရှိပါသည်။ ရွေးကောက်ပွဲဆိုင်ရာ သမိုင်းအချက်အလက်များကို ပြန်လည်ငဲ့စောင်းကြည့်လိုက်လျှင် ပါလီမန်ခေတ်ကာလက ယခုစစ်အုပ်စု၏ ဘိုးအေ ဗိုလ်နေ၀င်းကိုယ်တိုင်က ရွေးကောက်ပွဲတွင် ခြေလွန်လက်လွန် တည်မြဲတို့ မဲရရှိရန် လူသိရှင်ကြား ဘက်လိုက်ကြသည်ဟု အကြောင်းပြကာ မိမိမလိုလားသူ စစ်ဗိုလ်ကြီးများအချို့ကို လျှို့ဝှက်အစည်းအဝေးသို့ ဗိုလ်နေ၀င်းကိုယ်တိုင် တင်သွင်း၍ ရာထူးမှထုတ်ခဲ့သည်။ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်မှူးကြီး အေးမောင်၊ ဗိုလ်မှူးကြီး တင်မောင်၊ ဗိုလ်မှူးကြီး လူမော်၊ ဗိုလ်မှူးကြီး ကြည်ဝင်း၊ ဗိုလ်မှူးကြီး သိန်းတုတ်နှင့် ဒုတိယဗိုလ်မှူးကြီး ချစ်ခိုင်တို့အား ပင်စင်လစာပေး၍ တပ်မှ အနားယူကြစေသည်။(ကြေးမုံ ဦးသောင်း - ရွှေကညစ်နှင့် ရေးကာ စာကိုစီ၊ စာ-၁၂၅) ဟု ဖတ်မှတ်ဖူးပါသည်။ ဘက်လိုက်မှု လုံးဝကင်းရှင်းစေရန် တွေ့ရသော ဖြစ်ရပ်သာဓကတခု ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ပါတီစုံရွေးကောက်ပွဲကို ငါးကြိမ်တိုင်တိုင် ကျင်းပခဲ့ဖူးပါသည်။
၁။ ပထမအကြိမ် ၁၉၄၇ ဧပြီ (၉) ရက်နေ့တွင် ကျင်းပခဲ့သည်။ အမတ်နေရာ (၂၂၅) နေရာတွင် ဖဆပလအဖွဲ့ချုပ်က (၉၇) ရာခိုင်နှုန်း အနိုင်ရပြီး သခင်သန်းထွန်း၏ ဗမာပြည်ကွန်မြူနစ်ပါတီက အမတ် (၈) နေရာ အနိုင်ရခဲ့သည်။
၂။ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၅၂ ခုနှစ်တွင် ကျင်းပသည်။
၃။ တတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၅၆ ခုနှစ်တွင် ဖဆပလ အုပ်ချုပ်မှုအောက်၌ ပုံမှန်ကျင်းပခဲ့သည်။
၎။ စတုတ္ထအကြိမ် ရွေးကောက်ပွဲဖြစ်သည့် ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲကို အိမ်စောင့်အစိုးရနာမည်ခံပြီး မလွှဲမရှောင်သာ ကျင်းပပေးခဲ့သည်။
၅။ ပဉ္စမအကြိမ် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိုလည်း မလွှဲမရှောင်သာ စစ်အုပ်စုက လုပ်ပေးခဲ့သည်။ မဲ (၈၂) ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့သည်။ န၀တ ရွေးကောက်ပွဲဥပဒေ အမှတ် - ၁/၈၈၊ ပုဒ်မ - ၃ တွင် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေအရ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဟု ကိုယ်ကိုယ်တိုင်ပြဋ္ဌာန်းထားသည့် ဥပဒေအား ကိုယ်တိုင်ချိုးဖောက်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၀၀) ကျော်အပါအ၀င် အဖွဲ့ချုပ်ဝင်များ လူ (၁) ထောင်ကျော်ကို ဖမ်းဆီးအရေးယူခဲ့သည်။ ယခုနောက်ဆုံးအနေဖြင့် န၀တ ရွေးကောက်ပွဲကော်မရှင် ဥပဒေ အမှတ် ၁/၈၈ ကို ဤ နအဖ ကော်မရှင်ဥပဒေ ၁/ ၂၀၁၀ ပုဒ်မ ၁၄ ဖြင့် ရုပ်သိမ်းလိုက်ပြန်ပါသည်။ ဥပဒေကို နိုင်ငံရေးက မွေးဖွားပေးရသဖြင့် နိုင်ငံရေးကို ဥပဒေဖြင့် သတ်ပစ်၍ ရကောင်းသည့်အရာမဟုတ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပိုမိုတောက်ပြောင်လာပါသည်။ သမိုင်းဖြစ်ရပ်မှန်များက ပူပူလောင်လောင် ရှိနေသည်။
၁၉၉၆ ခုနှစ် ဇွန်လ (၇) ရက်နေ့က နအဖ ထုတ်ပြန်သည့် ၅/၉၆ - အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ထုတ်ပြန်၍ နိုင်ငံရေးပါတီများအား …
(က) ကာလသတ်မှတ်၍ ရပ်ဆိုင်းထားနိုင်သည်။
(ခ) ဖျက်သိမ်းနိုင်သည် (သို့မဟုတ်)
(ဂ) မတရားသင်းဥပဒေအရ မတရားသင်းအဖြစ် ကြေညာနိုင်ကြောင်း ပြဋ္ဌာန်းထားသေးသည်။ တိုင်းရင်းသား ငြိမ်းချမ်းရေးခေါင်းဆောင်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။ နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်တွင်း အသက်စွန့်လွှတ်ခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲအတွက် လွှတ်ပေးရပေမည်။ အရွေးကောက်ခံပိုင်ခွင့်လည်း ပေးရမည်။ လူတိုင်းလူတိုင်း လူ့အခွင့်အရေး ရှိသင့်ပေသည်။
ဤရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ - ၉ တွင် “အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်စေရမည်။
(ခ) ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ။
(ဂ) နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆောင်ရွက်ချက်များ” ဟု ဖော်ပြထားသည်။
ခုံအဖွဲ့၏ အဆုံးအဖြတ်သည် အပြီးအပြတ်(conclusive) ဖြစ်သည်ဟု အတိအကျ ပြဋ္ဌာန်းထားသဖြင့် နအဖ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ - ၂၉၄ တွင် ပါရှိသော ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည် ဆိုသော တရားစီရင်ရေးအာဏာထက် ရွေးကောက်ပွဲခုံရုံးက ပိုမိုမြင့်မားနေသည်ကို တွေ့ရပါသည်။ တရားလက်လွတ် အသားကုန် အာဏာပေး၍ မည်သည့်တရားစီရင်ရေးကမှ ၀င်ရောက်ကုစားမပေးနိုင်သည့် မတရားခုံရုံးမျိုးကို မည့်သည့်နိုင်ငံတွင်မှ ပြဋ္ဌာန်းထားခြင်းမရှိပါ။ အရူးအမူး အာဏာလောဘဇောတက်ကာ မတော်မတရားလုပ်နိုင်ရန် ရမ်းကားစိမ်ခေါ်မှု ဖြစ်သွားပါသည်။ နိုင်ငံရေးပါတီများကို လမ်းညွှန်ဦးမည် ဆိုသည်က ပို၍ရယ်မောဖွယ်ရာဖြစ်နေသည်။ တရားစီရင်ရေးစနစ်တခုလုံးအပေါ် ရွေးကောက်ပွဲကော်မရှင်က လွှမ်းမိုးချယ်လှယ်သွားစေရန် ပြဋ္ဌာန်းလာမှုမှာ လူ့အဖွဲ့အစည်းအတွက် အနိဋ္ဌာရုံများကိုသာ ဖြစ်ပေါ်လာစေနိုင်ပါသည်။ တရားမျှတမှု လုံးဝဆိတ်သုဉ်းသွားစေသည်။ စစ်အုပ်စု ကြံ့ဖွဲ့မဟုတ်သော အခြားတဦးဦး တဖွဲ့ဖွဲ့က မတော်တဆ အရွေးခံခဲ့ရလျှင် စစ်အုပ်စုက ကန့်ကွက်ပြီး သူတို့စိတ်ကြိုက်ဖွဲ့ထားသည့် ခုံအဖွဲ့က ကြိုက်သလို ဆုံးဖြတ်တာကို မုချခံကြရပေမည်။ မတရားမှုမှန်သမျှ တိုက်ဖျက်ပစ်ရမည်က သမိုင်းပေးတာဝန်ဖြစ်သည်။
ဤဥပဒေ ၁/၂၀၁၀ ပုဒ်မ - ၂ (ဈ) တွင် “ရွေးကောက်ပွဲ ခုံအဖွဲ့ဆိုသည်မှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အငြင်းပွားမှုကိုသော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ရွေးချယ်ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်ကိုသော်လည်းကောင်း ကြားနာစစ်ဆေးရန် ကော်မရှင်က ဤဥပဒေနှင့်အညီ ဖွဲ့စည်းသောအဖွဲ့ကို ဆိုသည်” ဟု ဖော်ပြထားသည်။ ခုံအဖွဲ့သည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ -၂ရ၆ (ဇ) အရ ရွေးချယ်ခန့်ထားသည့် ပုဂ္ဂိုလ်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံကိုကျော်ပြီး စစ်ဆေးဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ အခြေခံဥပဒေစည်းဘောင်ကိုကျော်၍ ခုံအဖွဲ့အား ပါဝင်စွက်ဖက်ပိုင်ခွင့်ပေးထားခြင်းမှာ စစ်အုပ်စု နအဖ မလိုလားသူ တဦးဦး ပါဝင်လာပါက ကန့်ကွက်ဖယ်ရှားနိုင်ရန် ဖြစ်သည်ကို ပေါ်လွင်ထင်ရှားစွာ တွေ့မြင်ရပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ လူမျိုးစုပြည်သူများ၏ ရွေးချယ်ပိုင်ခွင့် ဆန္ဒကိုပါ ၀င်ရောက်စွက်ဖက်ပိုင်ခွင့် ပေးထားပါသည်။ ဤရွေ့ဤမျှ ခုံအဖွဲ့၏ အဆုံးစွန်သော အာဏာကို ကြိုက်သလိုထင်ရာ စိုင်းနိုင်ရန် ပြဋ္ဌာန်းလိုက်ခြင်းမှာ စစ်အုပ်စု နအဖ၏ စစ်ဗျူရိုကရက်လူမျိုးကြီးဝါဒကို အစွယ်ထုတ်ပြလိုက်ခြင်းလည်း ဖြစ်ပါသည်။ အာဏာလွန်ကဲစွာ အကျင့်ပျက်ခြစားမှုကို မီးလောင်ရာ လေပင့်လိုက်သည့် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း တွေ့ရသည်။
ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ (နအဖ ဥပဒေ အမှတ် - ၁/၂၀၁၀) တွင် ပါရှိသော ဥပဒေအရ ဆောင်ရွက်ရာတွင် မတရားမှု၊ ဘက်လိုက်မှု၊ အကျင့်ပျက်ခြစားမှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ကော်မရှင်က ကျူးလွန်လျှင် အရေးယူအပြစ်ပေးရန် ပုဒ်ထီးပုဒ်မ တခုမျှ မပါသည်ကိုလည်း ထူးကဲစွာ တွေ့မြင်ရပါသည်။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများအားလုံးအား စစ်ဆေးစီရင် ဆုံးဖြတ်ချက်ပေးရမည့် သီးခြားလွတ်လပ်သည့် ရွေးကောက်ပွဲဆိုင်ရာ တရားရုံးများဖြင့်သာ အဆုံးအဖြတ်ခံယူရပါမည်။ မတရားမှု၊ ဘက်လိုက်မှု၊ အနိုင်ကျင့်မှု၊ အကျင့်ပျက်ခြစားမှုများကို တလျှောက်လုံး တဆက်စပ်တည်း ကျူးလွန်လာသည့် နအဖစစ်အုပ်စု၏ ကြံ့ဖွံ့နှင့် စွမ်းအားရှင်လို အဖွဲ့အစည်းမျိုးအား ပါတီမှတ်ပုံတင်ခွင့် ပေးရသည့် ဤရွေးကောက်ပွဲကော်မရှင်မှာ နအဖစစ်အစိုးရ ရာဇ၀တ်မှုကျူးလွန်ရာတွင် အကြံတူဉာဏ်တူ ပူးပေါင်းပါဝင် ကျူးလွန်သည့် ပူးတွဲတရားခံများ ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ ဦးသိန်းစိုး ဥက္ကဋ္ဌ အပါအ၀င် (၁၇) ဦး အဖွဲ့အား ရွေးကောက်ပွဲ မကျင်းပမီကပင် ဤဥပဒေနှင့်တပါတည်း ဖျက်သိမ်းပစ်ရမည်ဖြစ်ကြောင်း ဥပဒေရေးရာ ဝေဖန်သုံးသပ်ချက်အဖြစ် ထုတ်ဖော်တင်ပြအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment