Saturday, January 3, 2009

FAMOUS WRITER DAGON TAYAR'S VIEW



သေဆုံးပြီးသူများ အပါအဝင် လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ကာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အသစ်များဖြင့် ၉ဝ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပေါင်းပြီး လွှတ်တော်တရပ် ခေါ်ယူရန် လူအများလေးစားသည့်ဆရာကြီး ဒဂုန်တာရာက တိုက်တွန်းလိုက်ကြောင်း သိရသည်။
ဆရာကြီးဒဂုန်တာရာ၏တိုက်တွန်းချက်ကို ပြည်ပမီဒီယာတခုခုတွင် ဖော်ပြထားခြင်း မဟုတ်ဘဲ ပြည်တွင်းထုတ် ရန်ကုန်တိုင်းမ် ပုဂ္ဂလိက အပတ်စဉ်ထုတ် ဂျာနယ်၌ ဖော်ပြထားသည့်အတွက် သတင်းသမားများနှင့် စာဖတ်သူများ စိတ်ဝင်စားနေကြကြောင်း စုံစမ်းသိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပုဂ္ဂလိက ဂျာနယ်အယ်ဒီတာတဦးက “ဒီလို ဖော်ပြခွင့်ပြုတာမျိုး ထူးခြားတယ်။ ဒီလို ဖော်ပြခွင့်ရလို့ စစ်အစိုးရဟာ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစုံ တခု လိုက်လျောလိမ့်မယ်လို့တော့ ယူဆလို့ မရဘူး။ သူက သူ့ရဲ့ Road Map (၇) ချက်နဲ့ပဲ သွားမယ်ဆိုတာ ပြောပြီးသား။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးသမားကြီးတွေ စာရေးဆရာကြီးတွေရဲ့ အမြင်တွေကို ဖော်ပြခွင့်ပေးတာတော့ ကောင်းပါ တယ်” ဟု ပြောသည်။
အဆိုပါ ဆောင်းပါးကို ဇန်နဝါရီ (၁) ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် စာမျက်နှာ (၂၄) တွင် ဖော်ပြထားပြီး “နိုင်ငံရေးပါတီများနှင့် မြန်မာ့နိုင်ငံရေးမြင်ကွင်း သစ် ၂ဝဝ၉ တွင် ပုံပေါ်လာမည်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြထားခြင်းဖြစ်သည်။
ဒဂုန်တာရာအပါအဝင် ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး သခင်သိန်းဖေ၊ သခင်လှကွန်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးတို့ကို တွေ့ဆုံကာ သူတို့ရဲ့ အမြင်များကို ရေးသားဖော်ပြထားခြင်းဖြစ်သည်။


ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရကို တိုးချဲ့ဖွဲ့မည်
မည်သည့်အချိန် အပြီးသတ်ဖွဲ့မလဲ ရေရေရာရာမရှိသေး


အမျိုးသားညီညွတ်ရေးအစိုးရ ခေါ် စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းတည်ထောင်ရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်လုပ်ကိုင်သွားမည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) က ကြေညာချက်ထုတ်ပြန်ထားသည်။
အမှန်စင်စစ် ဒေါက်တာစိန်ဝင်း ခေါင်းဆောင်သည့် လက်ရှိအဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (အန်စီဂျီယူဘီ) ကို နယ်မြေလက်ကိုင်ရှိ တိုင်းရင်းသား ခေါင်းဆောင်များအပါအဝင် အခြားသင့်လျော်သည့် နိုင်ငံရေးခေါင်းဆောင်များဖြင့် တိုးချဲ့ဖွဲ့စည်းရန် ၂ဝဝ၈ ခုနှစ် လွှတ်တော်ကိုယ်စား လှယ်များသမဂ္ဂ (အမ်ပီယူ) မှ ချမှတ်ခဲ့သည့်မူအတိုင်း ဆောင်ရွက်သွားမည့် အစီအစဉ်သာဖြစ် သည်ဟု အမ်ပီယူ ပြောခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်းက ခေတ်ပြိုင်နှင့် သီးခြား တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။
သို့သော် အန်စီယူဘီ၏ကြေညာချက်ကြောင့် နောက်ထပ် စင်ပြိုင်အစိုးရတရပ် ထပ်မံဖွဲ့စည်းမည့်သဘောလားဆိုပြီး အတိုက်အခံအုပ်စုများကြား နားလည်မှု ရှုပ်ထွေးကုန်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမ်ပီယူ ပြောခွင့်ရ ပုဂ္ဂိုလ် ခွန်မြင့်ထွန်းအား ခေတ်ပြိုင်က မေးမြန်းရာ လက်ရှိ စင်ပြိုင်အစိုးရ (၂) ခု ပေါ်ပေါက်လာမည့် အစီအစဉ်မဟုတ်ဘဲ ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရကို တိုးချဲ့ဖွဲ့စည်းသွားရေး ရေရှည်စီမံချက်သာဖြစ်သည်ဟု ခွန်မြင့်ထွန်းက ရှင်းပြသည်။
၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်ဖွဲ့ဖြစ်မည်၊ မဖွဲ့ဖြစ်မည်ကိုမူ အန်စီ ယူဘီကြေညာချက်တွင် ဖော်ပြမထားပေ။
အန်စီယူဘီ၏ ကြေညာချက်တွင် တိုးချဲ့ဖွဲ့စည်းမည့် စင်ပြိုင်အစိုးရကို အမျိုး သားညီညွတ်ရေး အစိုးရဆိုသည့် အမည်သုံးထားခြင်းသည် မှားယွင်းဖော်ပြခြင်း ဖြစ်ကြောင်း၊ လက်ရှိ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့် ပေါင်းအစိုးရအဖွဲ့ (အန်စီဂျီယူဘီ) အမည်ကို အသစ်ပြောင်းပါက နိုင်ငံတကာ ဆက်ဆံရေးမှာ နားလည်မှု ရှုပ်ထွေးနိုင် သည့်အတွက် တိုးချဲ့မည့် စင်ပြိင်အစိုးရကို မူလအမည်ဖြစ်သည့် အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (အန်စီဂျီယူဘီ) ကိုသာ ဆက်လက်သုံးစွဲမည်ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ထပ်မံရှင်းပြသည်။
ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကို ခေတ်ပြိုင်ကမေးရာ အန်စီယူဘီ၏ထုတ် ပြန်ချက်နှင့် ပတ်သက်၍ တစုံတရာသိထားခြင်းမရှိပါကြောင်း ဖြေကြားသည်။ ၎င်းအပြင် လက်ရှိ စင်ပြိုင်အစိုးရ ပေါ်လစီနှင့် ပတ်သက်၍ “ပြည်တွင်းမှာ တရားဝင် ရပ်တည်နေတဲ့ အန်အယ်လ်ဒီရှိတယ်၊ စီအာပီပီရှိတယ်၊ ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီတွေရှိတယ်၊ ဒီအဖွဲ့အစည်းတွေရှိနေသရွေ့၊ ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် မပျက်ပြယ် သရွေ့၊ ကျနော်တို့လဲပဲ ဆက်ပြီးသွားမှာပဲ” ဟု ဒေါက်တာစိန်ဝင်းက ပြောသည်။

No comments: