Friday, March 5, 2010

THE FLOWING (စီးဆင်းခြင်း)


စီးဆင်းခြင်း

ပြိုကျသွားတဲ့ သမဂ္ဂရဲ့  အပိုင်းစတွေ
ရာစုအဆက်ဆက် ဒေါင်းငှက်တွေအတွက်
နိုးထစေတဲ့ ခေါင်းလောင်းတွေဖြစ်ခဲ့

ဆူးလေနံဘေးက သွေးကွက်တွေ
ဒိုရေမီဖာစည်းချက်မဟုတ်
ပေါက်ကွဲပွင့်ထွက်ခြင်းရဲ့  သံစဉ်

မညီညာတဲ့မျက်နှာပြင်မှာ
ဧရာဝတီရဲ့ စီးကြောင်းက
အနီရင့်ရင့် မွှမ်းနေခဲ့

သံလွင်မှာမျောနေတဲ့ ဖာစည်သံ
ရာစုအဆက်ဆက် ဒေါင်းငှက်တွေအတွက်
လပ်ဆပ်တဲ့ တော်လှန်ရေးတွေမွေးခဲ့

မြစ်နှစ်သွယ် ဝှေ့ယှက်နေတဲ့ ဂျိမ်းဖေားတို့နယ်
သွေးစွန်းလက်ကို ဆွဲဆက်ခဲ့လို့
ရတနာတို့ ခိုကိုးရာမဲ့ ငိုကြွေးခဲ့

ပင်လယ်အော်ကိုငေးမျှော်နေတဲ့ ဓည၀တီ
တရားဓမ္မတွေ အငွေ့ ပျံလို
အဓမ္မတွေ မွှေနှောက်နေခဲ့

ဟင်္သာတို့ ပျော်မြူးတဲ့ ရာမည
ဒုက္ခရေစည်းတိုက်စားနေလို့
သောကလှိုင်းတံပိုးမှာ လူးလွန့်နေခဲ့

တောင်တန်းမြေရဲ့  ပင်လုံသစ္စာ
အာဏာရှင်လောင်းရိပ်အောက်မှာ
နွမ်းကြွေကျကာ မွနေခဲ့

ဒေါင်းငှက်လေးတွေကွန်းခိုရာ
တက္ကသီလာနဲ့ မြကျွန်းသာ
အဖေါ်မင်တဲ့ခုံတန်းလေးတွေ
ကန်ရေပြင်ကိုနမ်းရှိုက်နေတဲ့လေညှင်း
မုန်တိုင်းအသွင်ဖန်ဆင်းလို့
အာဏာရှင်ဖြိုဖျက်ဖို့ သန္ဓေပိုက်ထားပြီဆိုရင်
ငါသည် ဒီမိုကရေစီ၏ ဘူမိနက်သန်သို့
ချစ်ခြင်းနဲ့အတူ မြစ်တစင်းလို စီးဆင်းနေမည်။
................ ၀သုန်မြေ.....................

No comments: