Monday, March 22, 2010

REGIME TRICKY PLOT AND NLD WEAKNESS


နအဖလှည့်ကွက်နှင့် NLD ပျော့ကွက်

နအဖသည် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ပြုလုပ်ပေးပါမည်ဟု ကမ္ဘာ လှည့် သံကောင်းဟစ်ရင်း တဖက်မှလည်း တင်းကြပ်သည့် ရွေးကောက်ပွဲ ဥပဒေများကို ဗြောင်ထုတ်ဖေါ်၍ NLD ပါတီကို ရဲရဲဝံ့ဝံ့ စိန်ခေါ်လိုက်သည်။

NLD ပါတီအနေနှင့်လည်း ၎င်းတို့ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမာခံ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသားများအား ပါတီမှ ထုတ်ပစ်၍ မှတ်ပုံတင်မည်လော? ရွှေဂုံတိုင် ကြေငြာစာတမ်းကို ဆုတ်ကိုင်၍ ၂၀၀၈ အခြေခံ ဥပဒေကို လက်မခံကြောင်း ငြင်းဆို၍ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံမည်လော? ဆိုသည့် အကြပ်အတည်းကို ရင်ဆိုင်နေရသည်။ NLD ပါတီသည် နှစ် (၂၀) ကာလအတွင်း "ပါတီတရားဝင် ရပ်တည်ရေး" ဆိုသည့် မူကို ကိုင်စွဲပြီး မည့်သည့် နိုင်ငံရေးလှုပ်ရှားမှုကိုမဆို နအဖညိုညင်ခံရမည် စိုးသဖြင့် မလုပ်ဘဲ နေခဲ့သည်သာမက တက်ကြွသည့် ပါတီဝင်များကို အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ် ခြင်း၊ ပြည်သူနစ်နာချက်များကို ထုတ်ဖေါ်တောင်းဆိုခြင်းတို့ကြောင့် ပြည်သူအတွက် တိုက်ပွဲ ၀င်သူများကို ပါတီမှ ထုတ်ပစ်ခြင်း၊ နအဖမှ ဖိအားပေးလာသည့်အခါ ဒေါ်အောင်ဆန်းစု ကြည်နှင့် ဦးတင်ဦးကို ပါတီမှ နအဖအလိုကျ ထုတ်ပစ်ခြင်းကို ပြုလုပ်ခြင်းဖြင့် NLD သည် ဦးကြိုးသူများ ဦးဆောင်မှု အောက်သို့ ကျရောက်လာခဲ့ရသည်။

လက်ရှိ ဥက္ကဋ္ဌဦးအောင်ရွှေသည် ဗိုလ်နေ၀င်းလက်ထက်ကတည်းက ဗိုလ်ချုပ်မှုး အောင်ရွှေအဖြစ် မြှောက်စားခံခဲ့ရသူဖြစ်သည်။ မဆလခေတ်တွင်လည်း ကောင်းစားခဲ့သူ ဖြစ်သည်၊ နအဖ၏ မျက်နှာသာပေးခြင်းကို ခံရသူဖြစ်သည်။ NLD ဗဟို အလုပ်မှုဆောင်ထဲတွင် တတ်သိပညာရှင်များအုပ်စုနှင့် မျိုးချစ်စစ်မှုထမ်းဟောင်းများအုပ်စစ်တို့သည် အားပြိုင်နေသော အုပ်စု ၂ ခုဖြစ်သည်။ တတ်သိပညာရှင်များအုပ်စုသည် တစတစ စည်းပြင်ရောက်သွား၍ NLD ကို မျိုးချစ်စစ်မှုထမ်းဟောင်းများ အမည်ခံ ယ္ခင် မဆလ စစ်ဗိုလ်ဟောင်းများက စီးမိသွား ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ကြီးမားသည့် အတားအဆီးကြီးကို ဖြစ်ပေါ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မျိုးချစ်စစ်မှုထမ်းဟောင်းများဆိုသည့် အုပ်စုတွင် မဆလပါတီကို တည်ထောင်ခဲ့သူများ၊ ကောင်းစားခဲ့သူများ၊ ဗိုလ်နေ၀င်းကို သစ္စာခံခဲ့သူများ ပါဝင်နေပြီး၊ တတ်သိပညာရှင်များဘက်တွင် မဆလပါတီကို တောက်လျှောက်ဆန့်ကျင်ခဲ့ သူများ ပါဝင်ခဲ့ခြင်းကြောင့် ခေတ်အဆက်ဆက် စစ်အာဏာရှင်စံနစ်ကို တိုက်ပွဲဝင်သူတို့က NLD ကို မဦးစီးနိုင်ဘဲ ခေတ်အဆက်ဆက် စစ်တပ်အရိပ်ခို၍ စစ်အာဏာရှင်စံနစ်ကို ထောက်ခံ ခဲ့သူများက NLD ကို စီးမိသွားခြင်းကြောင့် ယနေ့ NLD သည် ပြည်သူ့ဘက်မှ မရပ်တည်ရဲဘဲ နအဖအလိုကျ လိုက်လုပ်သည့် ပါတီအသွင်သို့ ပြောင်းလဲလာသည်ဟု သုံးသပ်မိသည်။

၁၉၉၂-၉၃ ခုနှစ်တွင် ပါတီရပ်တည်ရေးကို ဦးစားပေးသည်ဟူ၍ နအဖအားပေးလာ မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးကို ပါတီမှ ထုတ်ပစ်ခဲ့သည်။ ယ္ခုလည်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ပါတီရပ်တည်ရေးကို အကြောင်းပြ၍ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ပေလိမ့်ဦးမည်။ ၁၉၉၃ ခုနှစ်က ဒေါ်စုကို ထုတ်ပစ်လိုက်ခြင်းမှာ NLD အနိုင်ရပြီး နောက်မှ ထုတ်ပစ်လိုက်ခြင်းဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပစဉ် ဒေါ်စုသည် NLD ပါတီ၏ အထွေထွေ အတွင်းရေးမှုးဖြစ်သည်။ ထို့ကြောင့် NLD အနိုင်ရခဲ့သည်။ ယနေ့သည် ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလဖြစ်သည်။ ရွေးကောက်ပွဲ မကျင်းပမှီ ဒေါ်စုကို ထုတ်ပစ်လိုက်ခြင်း၏ အကျိုးဆက်သည် ကြီးမားလှသည်။ ပြည်သူက NLD ကို ထောက်ခံ နေခြင်းမှာ ဒေါ်စုကို ယုံကြည်၍ဖြစ်သည်။ ဦးအောင်ရွှေကိုမဟုတ်၊ နအဖကလဲသိသည်၊ ရွေးကောက်ပွဲတွင် ဒေါ်စုမပါလျှင် နအဖအတွက် ကြိမ်းသေအောင်ပွဲပင်ဖြစ်သည်။ ထိုအခြေ အနေမှ NLD ပါတီသည် ရွေးကောက်ပွဲ ၀င်မ၀င်ဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ရန် မတ်လ (၂၉) ရက်နေ့တွင် ဗဟိုကော်မီတီဝင်များကို အစည်းအဝေးခေါ်ယူထားပြီး ၎င်းအစည်း အဝေးမှ လျှို့ဝှက်မဲပေးစံနစ်ဖြင့် ဆုံးဖြတ်ကြမည်ဟုဆိုသည်။ မိတ္ထီလာမြို့နယ် စည်းရုံးရေးမှုး ဒေါ်မြင့်မြင့်အေးသည် အာဂမိန်းမသူရဲကောင်းဖြစ်သည်ဟု ဆိုချင်သည်။ NLD ဗလိုကော်မီတီ အနေဖြင့် ဗြောင်မဲပေးရန်သူမက စာရေးသားတိုက်တွန်းထားသည်။ ယနေ့ NLD ပါတီအနေနှင့် ပြည်သူ့ဘက်တွင် ရပ်တည်သည် မတည်သည်ကို လက်ပြင်မှာ ဆင်သွားသကဲ့သို့ ထင်ရှားစွာ ပြသရမည့် အချိန်ဖြစ်သည်။ ရွေးကောက်ပွဲ ၀င်မ၀င်ဆိုသည်မှာ နိုင်ငံရေးဆုံးဖြတ်ချက် ဖြစ်သည်။ လူရွေးပွဲမဟုတ်ကြောင်း ဒေါ်မြင့်မြင့်အေးက ရဲဝံ့စွာ ထောက်ပြထားပါသည်။ မှန်လေစွ၊ မှန်လေစွဟု ပြောလိုပါသည်။

အဓိကပြောလိုသည်မှာ နအဖရွေးကောက်ပွဲ ဘာကြောင့်လုပ်သနည်း။ ရွေးကောက်ပွဲ လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ (၁) ပြည်တွင်းမှ ပြည်သူများက ၎င်းတို့ပါတီကို ထောက်ခံ ပါသည်ဟု သေနတ်ထောက်၍ ညစ်နည်းပေါင်းစုံဖြင့် ရုပ်ပြ ရွေးကောက်ပွဲဖြင့် အာဏာ ဆက်လက်ယူထားရန်။ (၂) ပြည်ပမှ NLD ပါတီ အပါအ၀င်နိုင်ငံရေး ပါတီများ ၀င်ရောက် ယှဉ်ပြိုင်ခြင်းကြောင့် နောက်တက်လာသော ၎င်းတို့ ကြိုးကိုင်ထားသည့် ရုပ်သေးအစိုးရအား အသိအမှတ်ပြုမှု ရရှိရန်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမ၀င်နိုင်ရန် ပြုလုပ်ထားခြင်းနှင့် NLDပါတီမှ ထုတ်ပယ်ပစ်ရန် ကွက်ဆင်ထားခြင်းဖြစ်သည်။ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ မ၀င်လျှင် နအဖကျင်းပပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲကို ကမ္ဘာက အဓိပ္ပါယ်ရှိသော လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဟု သတ်မှတ်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် ဒေါ်စုမပါဘဲ ပါဝင်ယှဉ်ပြိုင်လာရေးသည် နအဖအတွက် အလွန်အရေးကြီးသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါတီ တခုလုံး အနေနှင့်သော်လည်းကောင်း၊ တခြမ်းပဲ့ NLD ပါတီအနေနှင့်သော်လည်းကောင်း ရွေးကောက်ပွဲ ၀င်လာဖို့လိုသည်။ ယုတ်စွအဆုံး NLD အလံကိုင်၍ ရွေးကောက်ပွဲကို ဦးအောင်ရွှေနှင့် ဗဟိုအလုပ်မှုဆောင် ကော်မီတီဝင်များထဲမှ လေးငါးယောက် ၀င်ခြင်းဖြင့် ၂၀၁၀ ရွေးကောက် ပွဲတွင် NLD ပါဝင်ယှဉ်ပြိုင်သည်ဟု နအဖမှ ကြေငြာနိုင်ခွင့်ကို ရယူလိုသည့် သဘောရှိသည်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ၎င်းတို့၏ ခေါင်းဆောင် ဦးခွန်ထွန်ဦးကို မလွှတ်သဖြင့် ရွေးကောက်ပွဲမ၀င်နိုင်ကြောင်း သတ္တိရှိရှိ ဗြောင် ကြေငြာ ခဲ့သည်။ ယနေ့ ၀အုပ်စု (UWSA) က နအဖမှ ၎င်းတို့အား ပါတီမှတ်ပုံတင်ရန် ပြောလာသည့် အခါ ရွေးကောက်ပွဲဝင်ဘို့ မှတ်ပုံတင်ရန် စိတ်မ၀င်စားကြောင်း ပြောကြားချက်သည် ထူးခြားချက်တခုဖြစ်သည်။ လူမျိုးစုတိုင်းရင်းသားများက သတ္တိရှိရှိ ပြောနေခြင်းကို NLD အနေနှင့် နမူနာယူသင့်သည်။ ၀တို့ ရွေးကောက်ပွဲ မှတ်ပုံမတင်ခြင်းသည် ၎င်းတို့အနေနှင့် ၂၀၀၈ အခြေခံဥပဒေကို လက်ခံစောင့်ရှောက်ပါမည်ဟု ကတိပြုရမည်ကို သတ္တိရှိရှိ ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။ NLD ခေါင်းဆောင်များအနေနှင့် ပါတီကြီးတခုကို ဦးစီးနေ သော်လည်း လူမျိုးစုများလောက် မပြတ်သားသည်မှာ ရှက်ဖွယ်ရာဖြစ်သည်။ NLD ပါတီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်သေး၍ ရွေးကောက်ပွဲ မှတ်ပုံမတင်နိုင် ကြောင်း သတ္တိရှိရှိ (CC) အစည်းအဝေးတွင် ပြောရဲဘို့လိုသည်။ ရွှေဂုံတိုင် ကြေငြာစာတမ်းကို ဆက်လက်ကိုင်စွဲထားနိုင်ဘို့လိုသည်။ မိမိ ချမှတ်ထားသည့် မူကို ဆက်လက်ကိုင်စွဲထားသော မူရှိသည့် ပါတီအဖြင့် သက်သေပြနိုင်ဘို့လိုသည်။ နအဖသည် NLD ၏ ခေါင်းဆောင်မှု ပျော့ကွက်ကို သွေးတိုးစမ်းနေသည့် သဘောဖြစ်သည်ကို မမေ့သင့်ပေ။ NLD ဗဟို ကော်မီတီ ၀င်များက ဦးအောင်ရွှေ ပျော့ညံ့သော်လည်း ၎င်းတို့သည် မူရှိသူများ ပြည်သူ့လို လားချက်ကို ထမ်းဆောင်ရဲသူများဖြစ်သည်ဟု သက်သက်ပြရန် လိုပြီ။ မတ်လ (၂၉) ရက်နေ့သည် NLD ပါတီ၏ အလွန် အရေးကြီးသော သမိုင်းအဆုံးအဖြတ်တခု ဖြစ်သည်ဟု ဆိုချင်သည်။

နိဂုံးအားဖြင့်။ ။ ၁၉၉၀ ရွေးကောက်ပွဲကာလတွင် လွှတ်တော်ကိုယ်စားလှယ် အမတ်များ NLD ပါတီက ရွေးချယ်ပြီး ရွေးကောက်ပွဲဝင်ခဲ့သည်။ ရွေးကောက်ခံအမတ်များ ဖြစ်လာပြီးနောက် ရွေး ကောက်ပွဲရလာဒ်ကို န၀တ/ နအဖမှ ငြင်းပယ်ပြီး ဖိအားပေးလာသော အခါ အမတ်များထဲမှ အုတ်ရောရော၊ ကျောက်ရောရော ပါလာသော ခံယူချက်မရှိသည့် အချောင်သမားများ၊ သတ္တိမရှိသည့် လူပျော့လူညံ့များ အမတ်ဘ၀ကို လွယ်ကူစွာ စွန့်လွှတ်သွားခဲ့ကြသည်။ မှတ်ကျော်တင်ခံနိုင်သူများ နယ်ခြားပြေးသူပြေး၊ ထောင်တွင်း ၀င်သူဝင် ဖြစ်ခဲ့ရသည့် သမိုင်းရှိသည်။ ယ္ခုသည် ဗဟိုအလုပ်မှုဆောင် ကော်မီတီ (CEC) မှ ဗဟို ဦးစီးစံနစ်ဖြင့် ရွေးချယ်ပေးလိုက်သော ဗဟိုကော်မီတီဝင် (CC) များသည် မှတ်ကျောက်တင်ခံနိုင်သူများ၊ ပြည်သူ့အကျိုးကို တကယ်တမ်းကြံ့ကြံ့ခံ၍ ရပ်တည်ရဲသူများ ဖြစ် မဖြစ်ကို ဆန်းစစ်ကြည့်ရန် လိုပြီဟု ဆိုလိုက်ချင်သည်။ ၎င်းတို့သည် မည့်သည့်နိုင်ငံရေး အမြင်ဖြင့် ရွေးကောက်ပွဲကို ၀င်သင့်ကြောင်း သို့မဟုတ် မ၀င်သည့်ကြောင်းကို ဗြောင် ဆွေးနွေး၍ ဗြောင်မဲပေးရဲသူ များလော? ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတမှု မရှိကြောင်း ပါးစပ်မှ အမြှုပ်ထွက်အောင် ပြောနေပြီး မဲပေးသည့်အခါ လူမသိ သူမသိ လျှို့ဝှက်မဲပေး စံနစ်ဖြင့် ရွေးကောက်ပွဲ ၀င်သင့်ပါသည်ဟု မဲပေးမည့် အချောင်သမားလော၊ ဆိုသည်ကို ဖေါ်ထုတ်ရန်မှာ "ဗြောင်မဲပေးစံနစ်" ကသာ ပြုလုပ်နိုင်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် NLD ဥက္ကဋ္ဌ နေရာကို သတ္တိရှိရှိယူထားသော ဦးအောင်ရွှေ အနေနှင့် သမိုင်းဝင် ဆုံးဖြတ်ချက် ပေးရန်အတွက် NLD ဗဟို ကော်မီတီဝင်များကို ဗြောင်မဲပေးစံနစ်ဖြင့် မဲပေးခွင့်ကို ပြုလုပ်ရန်လိုပြီဟု ရေးသား လိုက်ရပါသည်။


ထွန်းအောင်ကျော်
ဥက္ကဋ္ဌ
လွတ်လပ်သော မြန်မာ့လူ့ဘောင် အဖွဲ့အစည်း
Civil Society for Burma

No comments: