Thursday, March 4, 2010

CAGES OF UNDERGROUND CAVES


တာလီဘန်နှင့်အယ်ကေးဒါးတို့၏ မြေအောက်ဥမင် ပါကစ္စတန်စီးနင်းသိမ်းပိုက်
မြေအောက်ဥမင်များ ယှက်သွယ်ဖောက်လုပ်ကာ ခိုအောင်းနေရာတွင် နာမည်ကျော်ကြားလှသည့် တာလီဘန်နှင့် အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့များ အသုံးပြုနေသည့် မြေအောက်ဥမင် လမ်းကြောင်းတစ်ခုအား ပါကစ္စတန် အစိုးရတပ်ဖွဲ့များက စီးနင်းသိမ်းပိုက်လိုက်နိုင်ကြောင်း သိရသည်။ ယင်းဥမင်သည် အကြမ်းဖက် အဖွဲ့အစည်း နှစ်ခုလုံး အသုံးပြုကြသည့်အပြင် ကမ္ဘာကျော် အကြမ်းဖက်ဂုရုကြီး အိုစမာဘင်လာဒင်၏ အားအကိုးရဆုံး လက်ရုံးဖြစ်သူ အေမန်အယ်လ်ဇာဝါဟရီ ခိုအောင်းရာ နေရာလည်းဖြစ်ကြောင်း ပါကစ္စတန်က ကြေညာခဲ့သည်။

“ဒီလှိုဏ်ခေါင်းကြီးက အယ်လ်ကေးဒါးတွေ အဓိကထိုးစစ်ကြီးတွေ ဆင်နွှဲတဲ့အခါ အသုံးပြုလေ့ရှိပုံရတယ်။ အရမ်းလျှို့ဝှက်တဲ့အတွက် သူတို့တွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ကြတာပါ”ဟု ပါကစ္စတန်တပ်မတော်မှ ဗိုလ်ချုပ်ကြီး တာရစ်ခန်းက ပြောကြားခဲ့သည်။ ဒါမာဒိုလာရှိ ဥမင်အား မတ်လ(၂)ရက်နေ့က သတင်းထောက်များအား ၀င်ရောက်ကြည့်ရှုခွင့်ပေးစဉ် ခန်းက ယခုလို ရှင်းပြခဲ့ခြင်းဖြစ်သည်။ ဒါမာဒိုလာရွာသည် ဆီးနှင်းကျဆင်းကာ တောင်ထူထပ်သည့် ဘာဂျားဒေသတွင် တည်ရှိသည်။ ယင်းဒေသတွင် စစ်သွေးကြွများသည် အမေရိကန်နှင့် ပါကစ္စတန် ပူးပေါင်းတပ်ဖွဲ့အား (၁၆)လမျှ ကြံ့ကြံ့ခံ တားဆီးထားနိုင်ခဲ့သည်။ “သူတို့ဒီမှာ နေသွားခဲ့ပါတယ်။ သူတို့ဟာ နယ်မြေအပေါ်လည်း တော်တော်လေး ဩဇာသက်ရောက်ခဲ့တယ်။ အယ်လ်ကေးဒါးတွေ လုပ်ထားတဲ့ ဥမင်နည်းပညာကတော့ စံတင်လောက်စရာပါပဲ။ ဂူပေါင်း(၁၅၆)ခုကို ဆက်သွယ်ပေးထားပြီး ခံစစ်အတွက် အကောင်းဆုံး ပြင်ဆင်ထားခဲ့ပါတယ်”ဟုခန်းကဆိုသည်။ သတင်းထောက်များသည် ဂူအတွင်း စစ်သွေးကြွများ အသုံးပြုခဲ့သည့် ခေါင်းအုံးနှင့် စောင်များကိုပင် တွေ့မြင်ခဲ့ရသည်။ ယခုနှစ် ဇန်န၀ါရီလ စစ်ဆင်ရေးတွင် အစိုးရတပ်များ လျင်လျင်မြန်မြန် ချဉ်းကပ်လာခြင်းကြောင့် မည်သည့်အရာများကိုမှ အေးအေးဆေးဆေး သိမ်းဆည်းနိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရခြင်းကြောင့် ပစ္စည်းများ ကျန်ခဲ့ခြင်းဟုလည်း စစ်ဖက်တာဝန်ရှိသူများကဆိုသည်။ ထို့အပြင် တောင်ထိပ်ရှိ ရွှံ့အိုင်လေးတစ်ခုအနီးတွင် ဆုငွေဒေါ်လာ(၂၅)သန်း ထုတ်ပြန်ခြင်းခံထားရပြီး ကမ္ဘာပေါ်တွင် အဆိုးဆုံး အကြမ်းဖက်သမားတစ်ဦးဟု သတ်မှတ်ခံထားရသည့် အယ်လ်ဇာဝါဟာရီ နေထိုင်ခဲ့သည်ဟု ယုံကြည်ရသည့် အထောက်အထားများလည်း တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။

No comments: