Thursday, April 8, 2010

အာဆီယံဝန်ကြီးများ မြန်မာနိုင်ငံအရေး ဆွေးနွေး

အာဆီယံဝန်ကြီးများ မြန်မာနိုင်ငံအရေး ဆွေးနွေး
NEJ/ ၈ ဧပြီ ၂ဝ၁ဝ


ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တွင် ယနေ့ကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတက်ရောက်နေသည့် နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံမှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မေးမြန်းပြောဆိုမှုများ ပြုလုပ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဆီယံဝန်ကြီးများက မေးခွန်းထုတ်မှုများရှိသော်လည်း တစုံတရာဝေဖန်ပြောဆိုမှုမျိုးမရှိကြောင်း ဟနွိုင်မှလာသည့် အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ယနေ့ပြုလုပ်မည့် ဆွေးနွေးပွဲမတိုင်မီ ယမန်နေ့ညနေပိုင်း၌ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ဆိုင်သည့် လွတ်လပ်တရားမျှတမှုကိစ္စရပ်များကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအား မေးမြန်းခဲ့ကြသည်ဟု သိရသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျော့ယိုးက “ကျနော်တို့ သူ့ကို ဘာလုပ်ရမယ်ဆိုပြီး ဝေဖန်ပို့ချ ပြောဆိုတာတွေ မလုပ်ပါဘူး။ ကျနော်တို့က အသေအချာလေ့လာပြီး အကြံဉာဏ်တွေ ပေးတာပါ။ သူကလည်း လက်ခံနားထောင်ပါတယ်” ဟု ပြောသည်။

ရှေ့လာမည့်ကာလသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့်ကာလဖြစ်ပြီး မြန်မာနိုင်ငံက အဖြစ်အပျက်များကို မြန်မာပြည်သူများကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

အာဆီယံအတွင်းရေးမှူး မစ္စတာ စူရမ် ပစ်စ၀မ်က အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံက ကတိပေးထားသည့် ဒီမိုကရေစီလမ်းပြမြေပုံအတိုင်း လိုက်နာဆောင်ရွက်ရန် တင်ပြပြောဆိုနေခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများသည် အာဆီယံအပေါ် ဆက်လက်ခြိမ်းခြောက်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယမန်နေ့ကလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီ နာတာလီဂါဝါက မြန်မာနိုင်ငံတွင်ပြုလုပ်မည့် ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် မြန်မာစစ်အစိုးရက ပြုလုပ်သင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်ပေးသင့်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများအဖြစ် ကျင်းပပေးရန် စစ်အစိုးရက ပျက်ကွက်ခဲ့သဖြင့် အာဆီယံအဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းပြီး စီးပွားရေးပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ရန် အရှေ့တောင်အာရှနိုင်ငံများမှ လွှတ်တော်အမတ် (၁၀၀) ကျော်ဖြင့် ဖွဲ့စည်းထားသည့် AIPMC ခေါ် မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ကလည်း ဧပြီ (၇) ရက်တွင် အာဆီယံအဖွဲ့သို့ စာရေးသားတောင်းဆိုခဲ့သည်။

စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ ကျင်းပမည့်ရွေးကောက်ပွဲသည် အများယုံကြည် လက်ခံသည့် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီက ရွေးကောက်ပွဲကို ဆန့်ကျင်လိုက်ကြခြင်းဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရန် မြန်မာစစ်အစိုးရကို ဖိအားပေးသင့်ကြောင်း တောင်းဆိုထားသည်။

No comments: