Friday, April 9, 2010

JUNTA PREPARES TO BLOCK MONKS IN THE REGION


တက်လူ/ ၉ ဧပြီ ၂ဝ၁ဝ


နအဖစစ်အစိုးရက မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များ လက်ကိုင်ဖုန်းကိုင်ဆောင်ခြင်း၊ ကွန်ပျူတာနှင့် ပရင်တာစာကူးစက်များ၊ ဆက်စပ်ပစ္စည်းများ သုံးခြင်း၊ ပြည်ပနိုင်ငံများသို့ သွားလာခြင်း၊ ကျောင်းတိုက်ပြင်ပသို့ ထွက်ခြင်း စသည်တို့ကို ကန့်သတ်တားမြစ်မှုများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်တပါးက မိန့်ကြားသည်။

ယင်းဆရာတော်က “အစိုးရက သံဃာ့မဟာနာယကအဖွဲ့မှတဆင့် အဲဒီအမိန့်ကို ထုတ်ပြန်မှာပါ။ သံဃာ့မဟာနာယကအဖွဲ့က တာဝန်ယူ ထုတ်ပြန်ရမှာဖြစ်တယ်” ဟု မိန့်ကြားသည်။

အဆိုပါအမိန့် မည်သည့်အတွက်ကြောင့် ထုတ်ပြန်သည်ဆိုသည်နှင့် ထုတ်ပြန်မည့်နေ့ရက်ကို အတိအကျမသိသော်လည်း လာမည့်မေလခန့်တွင် ထုတ်ပြန်နိုင်ကြောင်း အဆိုပါဆရာတော်က ခန့်မှန်းသည်။

ရန်ကုန် ကမ္ဘာအေးသာသနာ့တက္ကသိုလ်မှ ဆရာတော်တပါးက “ခု ဘုန်းကြီးတွေ တော်တော်များများမှာ ဖုန်းကတော့ ပါကြတယ်။ တရားဟော ဆရာတော် ဓမ္မကထိကတွေက ပိုပြီးတော့ ဖုန်းကိုင်ကြတယ်။ ဒီလိုမျိုးဖုန်းတွေ မကိုင်ရတော့ဘူး ဆိုတော့ ဘာကြောင့်ဆိုတာ ဘုန်းကြီးတို့ ခန့်မှန်းရခက်ပါတယ်” ဟု မိန့်သည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အမည်မဖော်လိုသော သံဃာတော်တပါးက ယင်းသို့ အမိန့်များထွက်လာပါက သံဃာများက လိုက်နာကြမည်မထင်ဟု ခန့်မှန်းသည်။

၎င်းက “၂၀၀၇ ခုနှစ်ကတည်းကပဲ ဘုန်းကြီးတွေကို အစိုးရက ကြည့်မရဖြစ်နေတာလေ။ ဒါကတော့ တမင်သက်သက် လုပ်တာနဲ့ တူနေပါတယ်။ အဲဒီအမိန့် ထွက်လာမယ်ဆိုတာ ပြောနေတာတော့ ကြားပါတယ်။ ခုတော့ ကျောင်းထိုင်တွေကို တရားဝင်မပြောသေးပါဘူး” ဟု မိန့်ဆိုသည်။

သာသနာရေးဝန်ကြီးဌာနမှ အရာရှိတဦးက သံဃာများအား စည်းမျဉ်းများထုတ်ရန် စီစဉ်နေခြင်းမှာ ရွေးကောက်ပွဲကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။

“၂၀၀၇ ကလိုမျိုး သံဃာတော်တွေ လှုပ်ရှားမှု ဖြစ်မလာစေဖို့ ကြိုတင်တားတာ ဖြစ်နိုင်ပါတယ်။ ဖုန်းအဆက်အသွယ်တွေကို ဖြတ်ချင်တာ၊ စာရိုက်တာတွေကျတော့ တစုံတခု ကြေညာချက်တွေ မလုပ်ရအောင် ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သောစက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းတွင် စစ်အစိုးရက သံဃာတော်များအား ဖမ်းဆီးထောင်ချခြင်း၊ အတင်းအကျပ် လူဝတ်လဲစေခြင်း၊ ကျောင်းတိုက်များအား ပိတ်ပစ်ခြင်း၊ နိုင်ငံခြား ခရီးသွားလာခွင့် ကန့်သတ်ခြင်းတို့ကို အတင်းအကျပ်လုပ်ဆောင်ခဲ့သည်။

ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင် သံဃာတော်များ သီတင်းသုံးရာ ကျောင်းတိုက်အချို့အား စစ်အစိုးရက ရဲ၊ ထောက်လှမ်းရေးနှင့် ကြံ့ဖွံ့များကို ကင်းပုန်းများချထားကာ အချိန်ပြည့် စောင့်ကြပ်ကြည့်ရှုစေသည်။

No comments: